အချာဟဲ.. (ကုလားကားတွေမှာ လက်အုပ်လေးချီပြီး နှုတ်ခွန်းဆက်ကြတဲ့ပုံလေးကို မြင်ယောင်လိုက်ကြပါနော်။) :)
ကျွန်မတို့ဘုရားဖူးအဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၄ရက်နေ့ညမှာတော့ မြတ်စွာဘုရား ဓမ္မစင်္ကြာ တရားဦးဟောကြားတော်မူခဲ့သော မိဂဒါဝုန်သို့ ရောက်ရှိခဲ့ကြပြီး မိဂဒါဝုန်မြန်မာဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခဲ့ကြပါတယ်ရှင်။မိဂဒါဝုန်ကျောင်းရောက်တဲ့အခါ အစ်မနန္ဒာဝင်းမှ ၄ ယောက်ခန်း အိပ်ခန်းတွေအသီးသီး စီစဉ်နေရာချထားပြီးတာနဲ့ ညနေစာသုံးဆောင်ကြဘို့ စီစဉ်ပေးတာကြောင့် ထမင်းစားဆောင်ဝင်ကာ အသင့်စီစဉ်ထားပေးတဲ့ ညစာထမင်းဟင်းတွေကို မြိန်ယှက်စွာနဲ့ စားသုံးဖြစ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဆရာတော်ဦးဆောင်တဲ့ ကျွန်မတို့ဘုရားဖူးအဖွဲ့ဟာ မြတ်စွာဘုရား ဓမ္မစကြာင်္တရား ဟောကြားတော်မူခဲ့တဲ့ မိဂဒါဝုန်ကျောင်းတော်ကြီးသို့ ဆရာတော်ချပေးသော ဘုရားစာကို သံပြိုင်ရွတ်ဆိုပူဇော်ကာ သွားရောက်ကြည်ညိုကုသိုလ်များယူကြပြီး ဓမ္မစကြာင်္တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသလို ညနေပိုင်းမှာတော့ မိနစ် ၃၀လောက် တရားရှုမှတ်နိုင်ခဲ့ကြတာကြောင့် ကျွန်မတို့အတွက် တန်ဘိုးရှိတဲ့အချိန်များပဲ ဖြစ်ခဲ့ပါတယ်။
ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာတို့၏ ကောင်းကင်သို့တက်ရာ ၊ကောင်းကင်မှဆင်းသက်ရာဖြစ်သော ဤမိဂဒါဝုန်တောသည် ဘုရားအဆူဆူတို့၏ မစွန့်အပ်သော အ၀ိဇဟိတလေးဌာနတို့တွင် တစ်ဌာနအပါအ၀င်ဖြစ်ပြီး ၊သံဝေဇနိယ လေးဌာနတို့တွင်လည်း တစ်ဌာနဖြစ်ပါသည်။မြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ကျင့်ကြံကြိုးစားအားထုတ်၍ ရရှိလာသော အမြင့်ဆုံးအသိတရားများကို ဤမိဂဒါဝုန်တောတွင် စတင်ဖော်ထုတ်ဟောကြားတော်မူခဲ့ပါသည်။မြတ်ဗုဒ္ဓသည် ဓမ္မစကြာတရားဦးကို ဟောကြားတော်မူပြီး၍ ပထမ၀ါကို ကပ်ဆိုတော်မူပြီးနောက် မဇ္ဈိမဒေသ အနှံ့အပြားသို့ ဗုဒ္ဓသာသနာတော်ကြီးရောက်ရှိပြန့်ပွားရန် သာသနာပြုရဟန်းပုဂ္ဂိုလ်ကြီးများကို စတင်မွေးထုတ်ပေးသောနေရာသည်လည်း မိဂဒါဝုန်မြေသာ ဖြစ်ပါသည်။သံဃာအဖွဲ့အစည်းကြီး စတင်ပေါ်ပေါက်လာအောင် မွေးထုတ်ပေးခဲ့သော ဤမိဂဒါဝုန်တောကို မဟာပရိနိဗ္ဗာနသုတ်တော်၌ ဗုဒ္ဓဘာသာဝင်တိုင်း၏ မြင့်မြတ်သောနယ်မြေဖြစ်ခြင်းကြောင့် ဘုရားဖူးသွားရောက်သင့်သော နေရာဌာနတစ်ခုအဖြစ် အထူးပြဆိုထားခဲ့ပါသည်။
ဤဘဒ္ဒကမ္ဘာကြီး၌ ဘုရားငါးဆူပွင့်တော်မူမည်ဖြစ်ရာ ဂေါတမရှင်တော်ဗုဒ္ဓသည် လေးဆူမြောက်ပွင့်တော်မူခဲ့သော ဘုရားရှင်ဖြစ်သည်။ဘုရားရှင်တိုင်း ဤနေရာ၌ ဓမ္မစကြာဒေသနာတော်ကြီးကို ပဉ္စ၀ဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူခဲ့သောကြောင့် စကြာဝဠာအပေါင်း တိုက်တစ်သောင်းမှ နတ်ဗြဟ္မာများလည်း ရေတွက်မကုန်နိုင်အောင် ဤနေရာ၌ အသိတရား အကျွတ်တရားများရရှိသွားကြသောနေရာပင်ဖြစ်ပါသည်။ဤနေရာတွင် သံဃာအဖွဲ့အစည်းကြီး လေးကြိမ်တိုင်တိုင်ပေါ်ပေါက်ခဲ့ပြီး နောင်အချိန်၌ ပွင့်လတံ္တ့သော အရိမေတ္တယျဘုရားရှင်သည်လည်း ဗာရာဏသီအမည်ရှိသော ယခုမြို့တော်နေရာ၌ ကေတုမတီမြို့အမည်တွင်ကာ မွေးဖွားလာပြီး ဤမိဂဒါဝုန်တော၌ပင် တရားစည်ကြီးတီးခတ်လိမ့်ဦးမည်ဖြစ်ကြောင်း ဆရာတော်မှဟောပြတော်မူခဲ့ပါသည်။
ဤမိဂဒါဝုန်တော၌ သုတ္တန်အများအပြားဟောကြားခဲ့သောကြောင့် မြတ်ဗုဒ္ဓသည်မကြာခဏလာရောက် သီတင်းသုံးခဲ့သည်မှာ မလွဲနိုင်ပါ။နန္ဒိယသူကြွယ် ဆောက်လုပ်လှူဒါန်းခဲ့သောကျောင်းတော်ကြီးသည်လည်း ဤမိဂဒါဝုန်တော၌ဖြစ်ပြီး သူတို့ဇနီးမောင်နှံနှစ်ဦး၏ ဖြစ်ရပ်ဆန်းများကို သံဝေဂယူဖွယ်ရာတွေ့ရှိရပါသည်။ယောကျာင်္းဖြစ်သူသည် သာသနာတော်ကို အလွန်ကြည်ညို၍ မိန်းမဖြစ်သူကာ သာသနာတော်ကို ကဲ့ရဲ့ရှုတ်ချသောသူ ဖြစ်ခဲ့သည်။ထို့ကြောင့် မသေခင်ကပင် ယောကျာင်္းဖြစ်သူအား နတ်သမီးများက တပျော်တပါးနှင့် တမ်းတနေကြပြီး မိန်းမဖြစ်သူကို ငရဲပြည်မှ ငရဲသားများက စောင့်ကြိုခံရသူ ဖြစ်ခဲ့ရပေသည်။
ဘူမိနက်သန် နေရာမှန်ဖြစ်သော ဤမိဂဒါဝုန်တောတွင် ပညာအရာ၌ ဧတဒက်ရ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး နိရောဓသမာပတ်ဝင်စားနေစဉ် ကိုယ်တော်မြတ်ကြီး၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးခဲ့သော နန္ဒကဘီလူးမိုက်ကို မဟာပထ၀ီမြေကြီး မျိုကြိတ်ခံခဲ့ရ၍ သေပွဲဆင်ခဲ့ရသည်မှာလည်း ဤမိဂဒါဝုန်တော၌ ဖြစ်ခဲ့ပေသည်။
ရှာဂျာဟန်နန်းတော် ( တပ်ခ်ျမဟာ)
ဖေဖော်ဝါရီလ ၁၇ ရက် မနက်မှာတော့ သင်္ကဿနဂိုလ်ပြည်မှသည် တပ်ခ်ျမဟာသို့ ခရီးဆက်ခဲ့ကြပြီး ဘုရင်ရှာဂျာဟန် နန်းတော်သို့ အလည်ပို့ပေးခဲ့ပါတယ်ရှင်။ဘုရင်ရှာဂျာဟန်နဲ့ မိဘုရားအကြောင်းကို ဆရာတော်မှ ရှင်းပြပေးတဲ့အခါ စိတ်ဝင်စားစရာအလွန်ကောင်းပြီး စာဖတ်သူတွေကိုလည်း ကျွန်မမှတ်မိသလောက် မျှဝေပေးလိုပါတယ်။ဘုရင်ရှာဂျာဟန်သည် မိဘုရားဖြစ်သူ ဘက်ဂုမာမာတာ ဘုရင်မအားအလွန်ချစ်မြတ်နိုးပြီး မိဘုရားကြီးကွယ်လွန်သွားသောအခါ ကွန်လွန်သူမိဘုရား၏ ရုပ်အလောင်းကို နေ့စဉ်မိမိနေထိုင်ရာ ရှာဂျာဟန်နန်းတော်မှ လွမ်းဆွတ်သတစွာဖြင့် အမြဲကြည့်နေနိုင်ရန် အတွက် အလွန်ခမ်းနားထည်ဝါလှသော နန်းတော်ကြီးတစ်ခုကို ရှာဂျာဟန်နန်းတော်၏ အရှေ့ဘက်တည့်တည့်တွင် အမှတ်တရအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ဘက်ဂုမာမာတာ ဘုရင်မ၏ ရုပ်အလောင်းကို အလွန်ခမ်းနားထည်ဝါလွန်းလှသော နန်းတော်အဆောက်အဦးကြီးအဖြစ် အနုစိတ်မွမ်းမံကာတည်ဆောက်ခဲ့သဖြင့် နိုင်ငံတကာမှ ခရီးသွားများသည် ဘက်ဂုမာမာတာမိဘုရားနန်တော်သို့ နေ့စဉ် ထူးထူးကဲကဲစည်ကားစွာ လာရောက်ကြည့်ရှု့လျှက်ရှိနေကြပါသောကြောင့် တပ်ခ်ျမဟာမြို့မှ ရရှိသောဝင်ကြေးငွေများဖြင့် အိန္ဒိယနိုင်ငံ၏ ၀င်ငွေသည် အလွန်များလိမ့်မည်ဟု ကောက်ချက်ချမိပါတယ်။ဘုရင်ရှာဂျာဟန် ကွယ်လွန်တဲ့အခါမှာလည်း ဘုရင်မ ဘက်ဂုမာမာတာရဲ့ ရုပ်အလောင်းနဲ့အတူ ဘက်ဂုမာမာတာနန်းတော်ကြီးထဲမှာ ဘေးချင်းယှဉ်ပြီး ဂူသွင်းထားတာကြောင့် အဲဒီအုတ်ဂူနှစ်ဂူကိုကြည့်ဘို့ရန်အတွက် ခမ်းနားထည်ဝါလွန်းတဲ့နန်းတော်ကြီးကို လူအများလာရောက်ကြည့်ရှုနေကြခြင်းသာဖြစ်ပါတယ်။ဘက်ဂုမာမာတာ နန်းတော်ကြီးဟာ ယမုံနာမြစ်ကမ်းနဘေးမှာ တည်ရှိနေတာကြောင့် စာထဲမှာသာဖတ်ဖူးခဲ့တဲ့ ယမုံနာဖြစ်ကို နောက်ခံပြုပြီး ကျွန်မတို့ဓါတ်ပုံတွေအများကြီးရိုက်ဖြစ်ခဲ့ကြပါတယ်။
တပ်ခ်ျမဟာ ၊ဘက်ဂုမမာတာ နန်းတော်ကြီး
ညဘက်မှာတော့ တပ်ခ်ျမဟာမြို့ Hotel Mandakini VILLAS နဲ့ ALPINE HOTEL တို့တွင် တည်းခိုနိုင်ကြစေရန် အစ်မနန္ဒာမှ စီစဉ်ပေးခဲ့ပါတယ်။ကျွန်မတို့အဖွဲ့မှာ လူပေါင်း ၆၀ ကျော်ဖြစ်တာကြောင့် ဟိုတယ်တစ်ခုတည်းမှာ အဆင်မပြေပဲ နှစ်ဖွဲ့ခွဲပြီး ဟိုတယ်နှစ်ခုမှာ တည်းခိုခဲ့ကြခြင်းဖြစ်ပါတယ်။Dinner အတွက်ကိုတော့ အိန္ဒိယစားသောက်ဆိုင်မှာ အိန္ဒိယအစားအစာ နဲ့ မလိုင်များစားသုံးစေခဲ့တာကြောင့် အိန္ဒိယရောက်တုန်း အိန္ဒိယအစားအစာကို စားဖြစ်ခဲ့တဲ့အတွက် အရမ်းမကြိုက်ပါသော်လည်း မိမိအလည်ရောက်ရှိတဲ့နိုင်ငံရဲ့ အစားအစာကို စားသောက်ခွင့်ရတဲ့အတွက် စိတ်ကျေနပ်စရာအမှတ်တရတစ်ခု ဖြစ်ခဲ့ရပါတယ်ရှင်။
၁၈ ရက်နေ့မနက်ပိုင်းမှာတော့ ၁၇ ရက်နေ့က အပြင်ကသာမြင်ခဲ့ရတဲ့ ဘုရင်ရှာဂျာဟန်နန်းတော်ကြီးထဲသို့ အလည်ဝင်ရောက်ခဲ့ကြပြီး နယူးဒေလီမြို့သို့ ခရီးဆက်ခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံရဲ့လူနေမှုစရိုက်ကို ကျွန်မကြုံခဲ့ရသလောက် အနည်းငယ်ပြောပြရမယ်ဆိုရင် သူတို့နိုင်ငံသူ၊နိုင်ငံသားတွေဟာ အပေါ့အလေးသွားမယ်ဆိုရင် နေရာမရှောင်သွားတတ်ကြပါတယ်။ကားလမ်းမကြီးဘေးမှာ မတ်တပ်ရပ်ပြီး မရှက်မကြောက်အပေါ့သွားနေသူတွေကို ကားပေါ်ကနေ မကြာခဏတွေ့ခဲ့ရသလို ကျွန်မတို့ ဗုဒ္ဓဂယာဘုရားဖူ ခရီးသည်တွေမှာလည်း အိန္ဒိယနိုင်ငံရဲ့လမ်းခရီးတွေမှာ အိမ်သာလုံးဝ မရှိသလောက်ဖြစ်တဲ့အတွက် ခရီးစဉ်တစ်လျှောက် လမ်းတွေမှာ အဆင်ပြေသလို လမ်းဘေးရပ်ပြီး အပေါ့သွားခဲ့ရတာလေးကတော့ အမှတ်ရစရာလေးတစ်ခု ဖြစ်နေခဲ့ပါတယ်။အဲဒီလိုလမ်းဘေးမှာ ကားရပ်ပြီး အပေါ့သွားရင် နေရာမရှောင် အပေါ့အလေးသွားတတ်ကြတဲ့ သူတို့တွေရဲ့ ထောင်ချောက်မိုင်းတွေကို တက်မနင်းမိအောင် ရှောင်ကြရတာကလည်း အမှတ်ရစရာ တစ်ခုပါပဲ။ ပထမ တစ်ရက် နှစ်ရက်လောက်ကတော့ ကျွန်မအနေနဲ့လည်း အခြားဘုရားဖူးများနည်းတူ စိတ်ညစ်မိပေမယ့် ကြာလာတော့လည်း ဒီလောက်ဒုက္ခလောက်ကတော့ စာမဖွဲ့လောက်ပါဘူး၊ မြတ်စွာဘုရားရှင်တောင်မှ ဒီခရီးကို ရထားမပါ ၊ကားမပါပဲ ဒုက္ခများစွာခံကာ ခြေလျှင်ကြွမြန်းနိုင်ခဲ့သေးတာ ကျွန်မတို့ကမှ စီးစရာကား ၊သောက်စရာရေ ၊စားစရာ အစာအပြည့်အစုံနဲ့ လိုလေသေးမရှိ ပြီးပြည့်စုံစွာ သွားလာနိုင်ကြတာကြောင့် စိတ်ညစ်စရာကို စိတ်ညစ်စရာလို့ မမြင်တော့ပဲ မြတ်စွာဘုရားရှင်လက်ထက်ကိုတွေးပြီး စိတ်ထားတတ်သွားတဲ့အခါ မိုင်းရှောင်ရတဲ့ကိစ္စလောက်ကတော့ အသေးအမွှားပြဿနာလေးဖြစ်သွားခဲ့ပါတော့တယ်။
မြန်မာပြည်မှာတုန်းက ကျွန်မမှ အစ်မနန္ဒာကို "ခရီးသွားရမှာမို့ ဘောင်းဘီရှည်တွေဝတ်ရင်အဆင်ပြေနိုင်မလား"လို့ မေးတဲ့အခါ အစ်မနန္ဒာက "တစ်နေကုန်ခရီးထွက်ပြီး လမ်းတစ်လျှောက် အဆင်ပြေသလို အပေါ့သွားကြရတာကြောင့် ထမီလေးတွေနဲ့ဆိုရင် ပိုအဆင်ပြေကြောင်း"ပြောပြခဲ့ပေမယ့် ထမီဝတ်ရတာ သိတ်အချိုးမကျတတ်တဲ့ကျွန်မက ယောဂီထမီ အနည်းငယ်သာယူဆောင်ပြီး ဘောင်းဘီရှည်တွေကို ၄ ၊၅ ထည်ယူဆောင်သွားခဲ့မိပါတယ်။ကျွန်မကတော့ ခရီးစဉ်တလျှောက် ကားပေါ်တက်ရဆင်းရလွယ်ကူအောင် ဘောင်းဘီရှည်နဲ့အတူ ကုဒ်အကျီ င်္ရှည်ကြီးတွေ အမြဲဝတ်ခဲ့တာမို့ ကျွန်မအတွက်တော့ အဆင်ပြေခဲ့ရပါတယ်လို့ ဆိုနိုင်ပါတယ်။ဘယ်လိုအဆင်ပြေသလဲဆိုတာကိုတော့  အသေးစိတ်ပြောမပြလိုတော့ပါဘူးနော်။ ခရီးသွားရင်း ဘောင်းဘီရှည်ဝတ်ချင်ရင် ကုတ်အကျီ င်္ရှည်ကြီးတွေ ဆောင်သွားကြဘို့ မမေ့ကြပါနဲ့လို့ ပြောထားပါရစေနော်။
ခရီးသွားရင်း ကျွန်မအတွေ့အကြုံရလာခဲ့တာကတော့ ဘောင်းဘီရှည်ထက်ကို ပိုပြီး အဆင်ပြေနိုင်တဲ့ အသက်ကြီးသူတွေရော ၊အသက်ငယ်သူ ဘုရားဖူးတွေရော တော်တော်များများဝတ်ကြတဲ့ ဆွဲသားစကဒ်ရှည်လေးတွေကို မဖြစ်မနေ အနည်းဆုံး ၃၊၄ ထည်စီဝယ်သွားကြဘို့ အကြံပေးလိုပါတယ်ရှင်။အခု ထမီပုံစံ ဆွဲသားစကဒ်ရှည်တွေ ခေတ်စားနေတာကြောင့် အဲဒီဆွဲသားစကဒ်ရှည်တွေကို ယောဂီရောင်တွေဝယ်နိုင်ကြသလို ၊အညိုပွင့် ဒီဇိုင်းပေါင်းစုံ ၀ယ်နိုင် ၀တ်နိုင်ကြတာမို့ ကားပေါ်တက်ရ ဆင်းရ ခရီးရှည်ဆက်ရတဲ့ ဘုရားဖူးတွေအတွက် တော်တော်လေးအဆင်ပြေတယ်လို့ ပြောကြပါတယ်။ကျွန်မကတော့ မသိလိုက်တဲ့အတွက် ဆွဲသားစကဒ်ရှည်ကလေးတွေ ၀ယ်မသွားဖြစ်ခဲ့ပါဘူး။စကဒ်ရှည်လေးတွေဝတ်ထားရင် ထမီလေးတွေဝတ်ထားသလို ထင်ရပြီး ၊ထမီလို ကျွတ်မကျနိုင်တာမို့ အသက်ကြီးတဲ့သူတွေအတွက်လည်း တော်တော်လေးအဆင်ပြေသလို အပေါ့အပါးသွားရင်လည်း တကယ်လွယ်ကူနိုင်တာကြောင့် ဗုဒ္ဓဂယာဘုရားဖူးခရီးသွားကြမယ်ဆိုရင်ဖြင့် ကိုးရီးယားဆွဲသားစကဒ်ရှည်လေးတွေကို မဖြစ်မနေ၀ယ်သွားကြဘို့ အကြံပေးလိုပါတယ်။
ကြားဖြတ်အစီအစဉ်တွေပြောနေရလို့ ခရီးစဉ်အကြောင်းပြန်ဆက်ပါရစေရှင်။ဒီလိုနဲ့ ကျွန်မတို့ဘုရားဖူးအဖွဲ့ဟာ အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမြို့သို့ ခရီးစတင်ခဲ့ကြရာမှာ ကားသမားလေး ပကပ်ခ်ျပြောတဲ့အတိုင်း many many problem ဆိုတဲ့ ပြဿနာစပြန်တော့တာပါပဲ။သူပြောတာက "အခု အလွန်ကြီးတဲ့မြို့ကြီးကိုသွားနေပါပြီ ၊ လူတွေ ကားတွေ အရမ်းထူထပ်တာမို့ အချိန်အများကြီးကြာမှာဖြစ်တာကြောင့် many many problem ပါတဲ့။အဲဒီတော့ ကျွန်မတို့က ပြောပြန်ပြီ many many problem လို့ သတိပေးတဲ့အခါမှာတော့ မျက်နှာပြုံးပြုံးနဲ့ sorry sorry တဲ့လေ။စောစောက ကျွန်မပြောခဲ့သလို အိန္ဒိယလူမျိုးတွေတွေ့ရာနရာမရှောင် အပေါ့အပါးသွားတတ်ကြောင်းကို နယူးဒေလီမြို့ဝင်စမှာကတည်းက သက်သေပြလိုက်တော့တာပါပဲ။အိန္ဒိယနိုင်ငံရဲ့မြို့တော်ကြီးဖြစ်ပေမယ့် မြို့အ၀င်ကစပြီး သေးနံ့နဲ့ကြိုဆိုလိုက်တာ တော်တော်နဲ့ အနံ့မပျောက်နိုင်တော့ပါဘူး။မြို့အ၀င်မှာ ကားတွေက အရမ်းကျပ်ပိတ်ထူထပ်နေပြီး ဖြေးဖြေးချင်း မောင်းခဲ့ကြတာမို့ တည်းခိုမယ့်ဟိုတယ်လ်ကို ညမိုးချုပ်မှပဲ ရောက်နိုင်ခဲ့ပါတော့တယ်။ကျွန်မတို့အားလုံး နယူးဒေလီမြို့ ANANDA HOTEL မှာ တည်းခိုခဲ့ကြပြီး ညစာကို ဟိုတယ်မှာပဲ စားသောက်ဖြစ်ခဲ့ကြပါတယ်။
၁၉ ရက်နေ့မှာတော့ မြတ်စွာဘုရား မဟာသတိပဌာန်သုတ္တန် ဟောကြားတော်မူရာ ကုရုတိုင်း(နယူးဒေလီ)သို့ ရောက်ရှိခဲ့ကြပြီး ဆရာတော်ဟောကြားတော်မူသော တရားတော်များကို မှတ်သားနာယူနိုင်ခဲ့ကြပါသည်။နေ့လည်စာကိုတော့ နယူးဒေလီမြို့ရဲ့ စားသောက်ဆိုင်မှာ တရုတ်ဟင်းလျာများနဲ့ သုံးဆောင်စေခဲ့တာကြောင့် စားပွဲထိုးတွေက ထမင်းတွေဟင်းတွေ ချပေးတာနဲ့ ကျွန်မတို့တွေ ဗိုက်ဆာဆာနဲ့စားလိုက်ကြတဲ့အခါ ခဏတွင်းပဲ ပြောင်ရှင်းသွားအောင် စားနိုင်ခဲ့ကြတာမို့ "ကုလားတွေတော့ မြန်မာလူမျိုးတွေကို အံ့သြတော့မှာပဲ"လို့ ရယ်စရာပြောဖြစ်ခဲ့ကြပါသေးတယ်။နေ့လည်စာ စားသောက်အပြီးမှာ Shopping ထွက်ချိန်ဆိုပြီး အချိန် ၃ နာရီလောက်ပေးကာ Ansal Plaza ကြီးသို့လိုက်ပိုပေးခဲ့ပါတယ်။Ansal Plaza ဆိုတာ Shopping center အကြီးကြီးဖြစ်ပြီး မြန်မာပြည်အတွက် လက်ဆောင်လေးတွေပေးဘို့ ၀ယ်နိုင်ကြပါတယ်။မှတ်မှတ်ရရ Ansal Plaza မှာ မေမေနဲ့ကျွန်မနှစ်ယောက်အတူ ဆိုင်တွေကိုပတ်ကြည့်နေကြတုန်း ဖုန်းသံကြားလို့ အိတ်ထဲကနေ ဖုန်းကိုဆွဲထုတ်လိုက်ရာမှာ ဖုန်းလို့ထင်တဲ့အရာက ရေမွှေးပုလင်းဖြစ်နေခဲ့ပြီး ကျွန်မမထင်မှတ်စဉ်အချိန်ကလေးအတွင်းမှာပဲ ကိုင်မိထားတဲ့အဖုံးက ကျွတ်ကျကာ သံမံသလင်းပေါ် ပုလင်းပြုတ်ကျပြီး "ခွမ်" ကနဲ့ ကွဲသွားခဲ့တာကြောင့် ဂျပန်မှ ညီမလေးတစ်ဦးလက်ဆောင်ပေးထားတဲ့ Elizabeth Arden ရေမွှေးပုလင်းကလေးကို နှမျောသတစွာနဲ့ ဖန်ကွဲစလေးတွေကိုကောက်ကာ အမှိုက်ပုံးထဲထည့်ခဲ့လိုက်ရပါတယ်။
Ansal Plaza ရှေ့မှာ အမှတ်တရ.
Ansal Plaza မှာ ဦးဥာဏ်အတွက် ရှပ်အကျီ င်္တစ်ထည်လက်ဆောင်ဝယ်ခဲ့ပြီး မစားရတာကြာပြီဖြစ်တဲ့ Mc Donald ဆိုင်ကိုတွေ့တော့ ကျွန်မစားချင်နေတဲ့ ပုဇွန်ဟန်ဘာဂါများရှိမလားရယ်လို့ မေးကြည့်တော့ ရှိမနေပါဘူး အမဲသားနဲ့ ကြက်သားဘာဂါတွေပဲ ရပါတယ်။အဲဒါနဲ့ ကဖေးမိုချလေးတစ်ယောက်တစ်ခွက်မှာပြီး အာလူးကြော်နဲ့စားကြတာ ရူပီ ၈၀ လောက်ပဲကျပါတယ်။
ရူပီနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကတော့ ကျွန်မတို့သွားစဉ်အချိန်က အစ်မနန္ဒာက ဒေါ်လာ ၁၀၀ ကို ၄၅၀၀ ရူပီနဲ့ လဲပေးခဲ့ပါတယ်။
လေးစားစွာဖြင့်
ဝါ၀ါခိုင်မင်း
No comments:
Post a Comment