Sunday, June 5, 2011

ကျွန်မနဲ့ ဗုဒ္ဓဂယာခရီးစဉ် ( ၁ )

မင်္ဂလာပါရှင်။
ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အကြောင်းကို ခရီးပြန်မရောက်ခင်ကတည်းက ရေးဖို့အားခဲထားပေမယ့် မြန်မာပြည်ပြန်ရောက်လာတော့ အကြောင်းကြောင်းတွေနဲ့ အလုပ်တွေများနေသလို ၊မြန်မာပြည်ရဲ့ကော်နက်ရှင်ကြောင့် ဓါတ်ပုံလေးတွေတင်ပြီး စာရေးဘို့ အဆင်မပြေနိုင်ဖြစ်နေခဲ့ပါတယ်ရှင်။FB မှာလည်း ဗုဒ္ဓဂယာအမှတ်တရ အယ်လ်ဘမ်တစ်ခုလောက် ဓါတ်ပုံတွေစုပြီး တင်ချင်ပေမယ့် ကော်နက်ရှင်ကြောင့် ဘယ်လို့မှတင်မရနိုင်ဖြစ်နေခဲ့လို့ ကော်နက်ရှင်ရတဲ့အချိန်လေးတွေမှာ ဓါတ်ပုံတစ်ပုံချင်းတင်ဖြစ်နေခဲ့ပါတယ်။

ဗုဒ္ဓဂယာဘုရားဖူး ခရီး သွားရတာ အရမ်းပဲ စိတ်ကြည်နူး ပီတိဖြစ်လွန်လွန်းလို့ ကျွန်မလေးစားခင်မင်ရပါသော ဓမ္မမိတ်ဆွေများကိုလည်း ဗုဒ္ဓဂယာသို့ မရောက်ဖူးသေးရင် တစ်သက်မှာ တစ်ခေါက်လောက်တော့ မဖြစ်မနေ သွားစေလိုတာကြောင့် ခရီးစဉ်တလျှောက် စိတ်ချမ်းသာ ကြည်နူးပီတိဖြစ်ခဲ့ရတာလေးတွေအားလုံးကို မျှဝေခံစားနိုင်ကြစေဘို့ “ကျွန်မနဲ့ဗုဒ္ဓဂယာခရီးစဉ်” လို့ ခေါင်းစဉ်တပ်ပြီး အဆင်ပြေသလို ပို့စ်လေးတွေကို အပိုင်းခွဲပြီး ရေးသွားပါမယ်ရှင်။

၂ပတ်တာခရီးစဉ်တလျှောက်လုံးမှာ ရောက်ရှိခဲ့တဲ့နေရာတွေ အလွန်များခဲ့ပြီး ၊ဗုဒ္ဓဂယာမြို့ ၊မဟာဗောဒိဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒမုနိ မှ ကိုယ်တိုင်လိုက်ပါပြီး သေခြာရှင်းလင်းပြောဆိုပေးခဲ့ပေမယ့် မှတ်သားစရာတွေ အလွန်များလွန်းတာကြောင့် ၊စာအုပ်မှာရေးပြီး မှတ်တာမှတ် ၊ခေါင်းထဲမှာပဲ မှတ်တာမှတ် လုပ်ထားခဲ့တာမို့ တကယ်တန်းပြန်စဉ်းစားပြန်တဲ့အခါ နေရာတွေအားလုံးကို မှတ်မိနေပေမယ့် ဆရာတော် ရှင်းပြသလို အသေးစိတ်ရှင်းပြနိုင်လောက်အောင်တော့ မမှတ်မိနိုင်တော့တာ အသေအခြာပါပဲရှင်။ဆရာတော်မှ ရောက်ရှိတဲ့နေရာတိုင်းမှာ သေသေခြာခြာရှင်းပြပေးခဲ့တာမို့ ဘုရားဖူးအဖွဲ့ဝင်များအားလုံးဟာ သေခြာရှင်းလင်းစွာ သဘောပေါက်နားလည်လို့ ဆရာတော်ကို ကျေးဇူးတင်ကြပေမယ့် တကယ်တန်းဆရာတော်က ၁၂ ရက်တာခရီးပြီးဆုံးပြီး ကျောင်းပြန်ရောက်ရင် ခရီးစဉ်တစ်လျှောက်လုံးရှင်းပြပေးခဲ့တာတွေကို စာမေးပွဲပြန်စစ်မယ် ၊မေးတာမရရင် တစ်ယောက်ကို ဒေါ်လာ ၅၀ အလှူခံမယ်လို့ ပြောတဲ့အခါ မမှတ်မိနိုင်ကြတဲ့ ကျွန်မတို့က ရယ်မောပြီး “ဒေါ်လာ ၅၀ ကြိုလှူထားပါရစေ ဆရာတော်ဘုရား”ဆိုပြီး ရယ်စရာပြောဖြစ်ကြပါသေးတယ်။

ကျွန်မတို့သွားခဲ့တာ ၂ပတ်ကြာခရီးစဉ်ဖြစ်ပြီး မနက် ၃ နာရီအိပ်ယာထ တစ်နေကုန် ကားနဲ့ခရီးသွားပြီး ညမိုးချုပ်မှ ပြန်ရောက်တဲ့ရက်တွေ ပါဝင်ပေမယ့် လူကပင်ပမ်းမနေပဲ မြန်မာပြည်မှာတုန်းက ကျန်းမာရေးမကောင်းနေတဲ့ ကျွန်မ ထူးထူးခြားခြား တက်တက်ကြွကြွနဲ့ ကျန်းမာ ပျော်ရွှင်နေခဲ့တာမို့ ကျွန်မကို လေယာဉ်လက်မှတ် ၂စောင် မေတ္တာလက်ဆောင်ပေးခဲ့တဲ့ အစ်မနန္ဒာကတောင် “၀ါဝါ သွက်လက်ကျန်းမာနေတာပဲ မလာခင်က စိတ်ပူနေခဲ့သေးတာ ၊အခုတော့ အဆင်ကိုပြေလို့ ” လို့ ပြောရလောက်အောင်ပဲ ကျွန်မ စိတ်ချမ်းသာကျန်းမာစွာနဲ့ နေကောင်းပျော်ရွှင်နေခဲ့တာပါ။ ကျွန်မနဲ့အတူ သွားခဲ့တဲ့ ယောက္ခမမေမေ ကလည်း ကျွန်မနေကောင်းနေတာကိုကြည့်ပြီး အံ့သြ၀မ်းသာနေခဲ့ပါတယ်။။၂ပတ်ကြာဗုဒ္ဓဂယာ ခရီးစဉ်တလျှောက် စိတ်ချမ်းသာလွန်းလို့ မြန်မာပြည်ကို ပြန်တောင်မလာချင်သေးသလိုပါပဲ။

ကျွန်မ ဒီခရီးစဉ်လေးကို ဒီလိုအဆင်ပြေစွာ သွားနိုင်ခဲ့တာ ဗုဒ္ဓဂယာ ၊မဟာဗောဒိကျောင်းထိုင်ဆရာတော် ဆရာတော် ဦးစန္ဒမုနိ ရဲ့ ကျေးဇူးတော် နဲ့အတူ ၊ စေတနာ သဒ္ဓါတရား အထူးပြည့်ဝလွန်းတဲ့ အစ်မ မနန္ဒာဝင်းရဲ့ ကျေးဇူးများကြောင့် အခက်အခဲ တစ်စုံတစ်ရာမျှ မရှိပဲ စိတ်ကျေနပ်ဝမ်းသာပီတိဖြစ်မှု အပြည့်အ၀ ရရှိကာ ၁၅ ရက်တာ ဗုဒ္ဓဂယာ ခရီးစဉ်ရှည်ကြီးကို သွားရောက်လည်ပတ်ဖူးမျှော်ကန်တော့ခွင့် ရရှိခဲ့တာ အခုအထိ အိပ်မက်တစ်ခုလို ထင်နေမိတုန်းပါပဲရှင်။

ကျွန်မတို့ဘုရားဖူး အဖွဲ့ဝင်အားလုံးဟာ ခရီးစဉ်တစ်လျှောက်လုံးမှာ စေတနာသဒ္ဓါတရားအပြည့်အ၀နဲ့ လိုလေသေးမရှိအောင် စီမံဆောင်ရွက်ပေးခဲ့ပါသော အစ်မနန္ဒာဝင်း ဦးစီးသော ဘုရားဖူးအဖွဲ့ကို ကျွန်မလိုပဲ အထူးကျေးဇူးတင်စွာနဲ့ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိခဲ့ကြလို့ မနန္ဒာကို မေတ္တာရှိစွာ ချီးမွမ်းမဆုံးနိုင်အောင် ရှိခဲ့ကြပါတယ်။

ဘုရားဖူး အဖွဲ့ဝင်အားလုံးအတွက် ခရီးဆောင်အိတ် ၊ လက်ဆွဲအိတ် ၊ဦးထုတ် ၊ ယောဂီတဘက် ၊ အခင်း နှင့် ခရီးစဉ်တလျှောက် သွားမည့်နေရာဒေသများအတွက် လမ်းညွှန်မြေပုံ နဲ့ စာအုတ်တစ်အုပ်စီ ကိုအားလုံးအတွက် စီစဉ်ပေးထားပြီး ဘုရားဖူးခရီးစဉ်တွင် လိုအပ်နိုင်သည့်ပစ္စည်းများကို လိုလေသေးမရှိရလေအောင် စီမံဆောင်ရွက်ထားပေးထားတာကြောင့် လိုအပ်တာ မရှိရလေအောင် ပြီးပြည့်စုံခဲ့ရပါတယ်ရှင်။ဘုရားဖူးမသွားခင် ၂ ရက်အလိုလောက်မှာ ခရီးဆောင်အိတ်ဆင်တူတွေ ထုတ်ယူနိုင်ဘို့နဲ့ အစ်မနန္ဒာဝင်းနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံနိုင်ဘို့ အစ်မနန္ဒာဝင်းရုံးခန်းရှိရာ ရွှေဘုံသာလမ်းကို ကျွန်မနဲ့ယောက္ခမမေမေတို့ သွားရောက်ခဲ့ကြပါတယ်။စိတ်သဘောထား ပြည့်ဝဖြူစင်ပုံပေါက်ပြီး ခင်မင်နှစ်လိုဘွယ်ကောင်းတဲ့ အစ်မနန္ဒာဝင်းကို စတွေ့တဲ့အချိန်မှာ ဗုဒ္ဓဂယာ ခရီးစဉ်ပေါင်းများစွာကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စီစဉ်ဆောင်ရွက်နိုင်တဲ့ အစ်မအတွက် ဂုဏ်ယူစွာနဲ့ တကယ်ပဲ ကျွန်မ လေးစားစွာခင်မင်မိသွားခဲ့ပါတယ်။

အစ်မနန္ဒာဝင်းနဲ့ တွေ့တဲ့အခါမှ တဖက်နိုင်ငံရဲ့ ရာသီဥတုအခြေအနေနဲ့ လိုအပ်နိုင်မယ့် အ၀တ်အစားတွေ နဲ့အတူ အခြားလိုအပ်နိုင်သည်များကို မေးမြန်းပြီး ရာသီဥတု အနည်းငယ်အေးတယ်ဆိုတာကြောင့် အကျီထူ ၃ ထည် ၊ ယောဂီထမီ ၃ ထည် ၊ စကဒ်ထမီ ၃ ထည် နဲ့အတူ စတိုင် ဘောင်းဘီရှည် ၄ ထည်နဲ့ အကျီတွေကို အဆင်ပြေသလို ခရီးဆောင်အိတ် တစ်လုံးစာ အပြည့်ထည့်သွားလိုက်ပါတယ်။အစ်မမှ ကားနဲ့ ခရီးသွားတဲ့အခါ လမ်းမှာ ကြုံသလို အလေး ၊အပေါ့ သွားရတာမို့ ထမီလေးတွေက ပိုအဆင်ပြေကြောင်း ပြောပြပေမယ့် ကျွန်မမှာ ၁၅ ရက်ခရီးအတွက် ထမီလည်း ထပ်မချုပ်လိုတာကြောင့် ယောဂီထမီ ၃ထည်ကိုသာ အမြန်ချုပ်ခိုင်းပြီး လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကချုပ်ထားတဲ့ စကဒ်ထမီ ၃ထည်ကိုထည့်သွားခဲ့ပါတယ်။အစ်မမှ အ၀တ်အစားတွေ အများကြီး မသယ်စေလိုကြောင်း ပြန်လာရင် ၀ယ်ချင်စရာတွေအများသားမို့ ပစ္စည်းတွေ ပေါင်ပိုတတ်ကြောင်း ၊ အ၀တ်အစား ၄ ၊ ၅ စုံလောက်ဆို အဆင်ပြေနိုင်ပါကြောင်း စေတနာထားစွာနဲ့ ရှင်းပြပေမယ့် အေးမှာကြောက်သလို ၊ ပူနေပြန်ရင်လည်း ၀တ်စရာ မရှိမှာ စိတ်ပူတာကြောင့် အ၀တ်အစားကို လိုလိုမယ်မယ်ဆိုပြီး ထည့်လိုက်တာ အိတ်ကြီးတစ်လုံးပြည့်သွားခဲ့ပါတယ်။အစ်မတို့ စီစဉ်ပေးတဲ့အိတ်တစ်လုံးစာ အပြည့်ကို ပေါင်ချိန်ကြည့်တော့ ၁၃ ကီလိုလောက်ပဲ ရှိနေတာကြောင့် အဆင်ပြေပါတယ်။ကီလို ၂၀ ပေးရင် အပြန်လက်ဆောင် ၇ ကီလိုလောက် ၀ယ်ထည့်လို့ ရနေသေးတာပဲလေ။း)

အစ်မနန္ဒာဝင်း ဦးဆောင်တဲ့ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ဖြစ်တဲ့ ကျွန်မတို့ဘုရားဖူးအဖွဲ့ဝင် ၆၂ ဦးဟာ ၁၂ . ၂ .၂၀၁၁ မနက် ၉နာရီလေယာဉ်နဲ့ ဗုဒ္ဓဂယာ ဘုရားဖူးသွားဘို့ရန်အတွက် မနက် ၆နာရီခွဲအရောက် လေဆိပ်ကို အရောက်သွားခဲ့ကြရပါတယ်။လေဆိပ်ကို မနက် ၆ ခွဲလောက်မှာ ကျွန်မတို့ရောက်တော့ အစ်မနန္ဒာက ဘုရားဖူးအဖွဲ့ဝင်တွေရဲ့ ပစ္စည်းထုတ်တွေအားလုံးကို တာဝန်ယူပြီး Check in ၀င်နေပြီဖြစ်ပါတယ်။ကျွန်မတို့လေဆိပ်ရောက်တော့ ကျွန်မတို့ရဲ့ ခရီးဆောင်အိတ်တွေကို Check in ၀င်ဘို့ တန်းစီချထားစေပြီး အစ်မနန္ဒာမှ ထိုင်ခုံမှာထိုင်နေဘို့ ပြောလာခဲ့ပါတယ်။ကျွန်မတို့ ၆၂ ဦးအဖွဲ့မှာ အသက် ၉၀ ကျော် ဖွားဖွားတစ်ဦး ၊ အသက် ၈၀ ကျော် ဖွားဖွား တစ်ဦး လည်းအတူပါဝင်ခဲ့ပါတယ်။


ရန်ကုန်လေဆိပ်မှာ မေမေ ၊မနန္ဒာဝင်း တို့နဲ့ အမှတ်တရ.

မနက် ၉ နာရီ တိတိမှာ မြန်မာ့လေကြောင်း MAI လေယာဉ်ကြီး မြန်မာပြည်မှ စတင်ထွက်ခွါခဲ့ပြီး ၂ နာရီကြာခန့်စီးပြီးနောက် အိန္ဒိယလေဆိပ်ကို ဆင်းသက်ခါနီးမှာ အိန္ဒိယစံတော်ချိန်မှာ မြန်မာပြည်ထက် ၁ နာရီတိတိနောက်ကျပါသောကြောင့် နာရီအချိန်လေးတွေကို ပြောင်းဘို့ကြေငြာတဲ့အခါ ကျွန်မရဲ့နာရီကို ၁နာရီနောက်ဆုတ်လိုက်ပါတယ်ရှင်။မြန်မာစံတောင်ချိန်အနေနဲ့ မနက် ၁၁ နာရီ ကျော်ကျော် အချိန်လောက်မှာ အိန္ဒိယလေဆိပ်ကို MAI လေယာဉ်ကြီး အောင်မြင်စွာနဲ့ ဆင်းသက်နိုင်ခဲ့ပါတယ်။
အိန္ဒိယလေဆိပ်(ဗုဒ္ဓဂယာမြို့)


အိန္ဒိယလေဆိပ်ကို ရောက်ပါပြီ။အိန္ဒိယလေဆိပ်ရောက်တော့ ကျွန်မတို့ဘုရားဖူးအဖွဲ့နဲ့အတူ တခြားဘုရားဖူးအဖွဲ့ဝင်များစွာလည်း MAI လေယာဉ်နဲ့ အတူလိုက်ပါခဲ့တာကြောင့် အိန္ဒိယလေဆိပ်မှာ တော်တော်လေးတန်းစီလိုက်ရပါတယ်။Check in ၀င်ဘို့ရန် ဂိတ် ၃ ဂိတ်ရှိပေမယ့် ကျွန်မတို့မြန်မာတွေကလည်း တစ်ဦးချင်းစီ သေခြာစံနစ်တကျတန်းမစီကြပါပဲ ဦးသူအရင်ဝင်ကြေးလိုပဲ ရှေ့မှာတန်းစီနေတဲ့သူတွေကို နောက်က အသိမိတ်ဆွေတွေက စာအုပ်တွေ ထပ်ခိုင်း ၊စာအုပ်တွေကို သူတို့စစ်ပြီး နာမည်ခေါ်တဲ့အခါ လူတခြား စာအုပ်တခြား ရောက်နေကြတာမို့ အချိန်ပိုကြာနေသလိုပါပဲ။နောက်ဆုံး လူတွေက ကျွန်မတို့ကို ကျော်တက်သွားလိုက်ကြတာ ကျွန်မနဲ့ မေမေပဲ နောက်ဆုံးမှာဖြစ်နေတာကြောင့် မတတ်နိုင်တဲ့အဆုံး မေမေ့ကို အိတ်စောင့်ခိုင်းပြီး စာအုပ် နှစ်အုပ်ကိုင်ကာ လူအုပ်ထဲ ၀င်တိုးရပါတော့တယ်..မဟုတ်ရင် ကျွန်မတို့သားအမိနောက်ဆုံးဖြစ်ပြီး ကိုယ့်ကိုသူများတွေက စောင့်နေရတယ်ဆိုတဲ့ အဖြစ်လည်း မဖြစ်စေလိုတာကြောင့် အဆင်ပြေသွားအောင် ၅ကျန်တန်ထုတ် စာအုပ်ကြားထဲညှပ်ပြီး မြင်သာအောင် စားပွဲပေါ်တင်ပေးလိုက်တဲ့အခါ ကျွန်မတို့စာအုပ်ကို တချက်ကြည့်လာပါတယ်။ခဏကြာတော့ ချက်ချင်းပဲ ကျွန်မစာအုပ်ကိုဖွင့် ၅ ဒေါ်လာကို စားပွဲအန်ဆွဲထဲ လက်နဲ့ပွတ်ဆွဲထည့်ပြီး ကျွန်မနဲ့မေမေနဲ့ စာအုပ်ကို ချက်ချင်းစစ်ပေးလိုက်တာကြောင့် အဆင်ပြေသွားခဲ့ပါတယ်။လူတွေအရမ်းများနေတာကြောင့် မတတ်နိုင်တော့ပါဘူး။လုပ်ပေးတဲ့သူလည်း ပင်ပမ်းပါတယ်လေဆိုပြီး အလှူသဘောနဲ့ ပိုက်ဆံထည့်ပေးလိုက်တာပါ။ဖြစ်နိုင်ရင်တော့ အဲလိုမလုပ်ချင်ပါဘူး။ကိုယ့်စာအုပ် check in ၀င်ပြီးမှ မုန့်ဘိုးဆိုပြီး ပေးလိုက်ရတာကိုပိုပြီး ကျွန်မနှစ်သက်ပါတယ်။သူလည်းရတော့ ၀မ်းသာသွားတာပေါ့လေ..တခြားသူတွေအတွက်လုပ်ပေးတဲ့အခါမှာလည်း စိတ်ချမ်းသာမှုလေးနဲ့ လုပ်ပေးတော့ ပိုပြီး အဆင်ပြေမြန်ဆန်နိုင်တာပေါ့နော်။အကောင်းဘက်ကပဲ တွေးပြီး နားလည် ခံစားပေးလိုက်ပါတယ်။

ဒီလိုနဲ့ အောင်မြင်စွာနဲ့ သားအမိနှစ်ယောက် လေဆိပ်ထဲဝင်လာနိုင်တော့ ခရီးဆောင်အိပ်တွေကို မနန္ဒာတို့က စီစဉ်ဆောင်ရွက်ပြီး ဖြစ်နေတာကြောင့် လေဆိပ်မှာ လာကြိုတဲ့ ဆရာတော်ဦးစန္ဒမုနိထံသို့ သွားရောက် ဂါရ၀ပြုနှုတ်ဆက်ကာ “ဒီတစ်ခါတော့ ဗုဒ္ဓဂယာကို ဆက်ဆက်ရောက်လာနိုင်ခဲ့ပါပြီ ဆရာတော်ဘုရားလို့” အောင်မြင်စွာနဲ့ နှုတ်ခွန်းဆက်သနိုင်ခဲ့ပါတယ်ရှင်။

ဗုဒ္ဓဂယာ ၊ မဟာဗောဒိဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော် ၊ ဆရာတော်ဦးစန္ဒမုနိ

(ဆက်ရန်)

လေးစားစွာဖြင့်
ဝါ၀ါခိုင်မင်း


No comments:

Post a Comment