Monday, June 6, 2011

ကျွန်မနဲ့ ဗုဒ္ဓဂယာခရီးစဉ် (ဇာတ်သိမ်း)

အိန္ဒိရာဂန်ဒီပြတိုက်ကြီးကို ၀င်ရောက်လေ့လာပြီးတာနဲ့ ကျွန်မတို့ကို ဆရာတော်မှ နယူးဒေလီမြို့ထဲ ကားနဲ့တပတ်အလည်ပို့ခဲ့ပြီး Indira Gate သို့ပို့ဆောင်ကာ အမှတ်တရ ဓါတ်ပုံများရိုက်ဖြစ်ခဲ့ကြပါတယ်။Dinner ကိုတော့ KFC မှာ ထမင်းရယ်၊ကြက်ကြော်ရယ်၊အအေးများနဲ့ အိန္ဒိယကို အလည်တစ်ခေါက်ရောက်စဉ်သုံးဆောင်နိုင်ခဲ့ကြတာမို့ အမှတ်တရ အစီအစဉ်လေးဖြစ်စေခဲ့ပါတယ်။ကျွန်မတို့ဘုရားဖူးအဖွဲ့ဟာ အိန္ဒိယနိုင်ငံရောက်စဉ် နယူးဒေလီမြို့ ANANDA HOTEL မှာ ၂ ညတာတည်းခိုကာ ၊တည်းခိုဆောင်အနီးမှာရှိတဲ့ ညဈေးတန်းကို ၂ရက်လုံး shopping ထွက်ကာ ဈေးဝယ်ဖြစ်ခဲ့ကြပါတယ်။ကျွန်မကတော့ တစ်ထည်ကို ရူပီ ၁၅၀ တန် ကုလားအကျီ င်္လေးတွေကို ၄ ထည် ၅၀၀ ရူပီနဲ့ ဈေးဆစ်ကာဝယ်ဖြစ်ပြီး ၊ကုလားဆာရီ ၀တ်စုံလေးတစ်စုံကိုပါ အမှတ်တရ ၀ယ်ဖြစ်ခဲ့ပါသေးတယ်။မိန်းမစီး ကျောက်ကလေးတွေစီထားတဲ့ ကုလားဒေါက်ဖိနပ်ကလေးတွေ့တာနဲ့ ဈေးမေးကြည့်တော့ ၁၂၀၀ ရူပီပါတဲ့။ ဖိနပ်ကလေးက လှတော့လှပါတယ် စီးရတာ ခနော်ခနဲ့ပုံလေးမို့ အမှတ်တရကလည်းဝယ်ချင်တာနဲ့ ရူပီ ၅၀၀ ထားပါလို့ ဈေးဆစ်ကြည့်တဲ့အခါ မရဘူးတဲ့။အဲဒါနဲ့ ဈေးပိုမပေးချင်တာနဲ့ ထွက်လာတဲ့အခါ ၅၀၀ ရူပီနဲ့ယူပါဆိုပြီး ခေါ်ရောင်းလို့ ၀ယ်ဖြစ်ခဲ့ပါသေးတယ်။

အမေရိကန်ဒေါ်လာ ၁၀၀ ကို ငွေလဲနှုန်း ၄၅၀၀ ရူပီဆိုတော့ ၊ရူပီ ၄၅၀၀ ကို မြန်မာငွေ ၉၀၀၀၀ ကျပ်ခန့် အကြမ်းတွက်ကြည့်ရင် ၁၀၀ ရူပီကို မြန်မာငွေ ၂၀၀၀ ကျပ်နှုန်းခန့် ဖြစ်ပါတယ်။ဈေးဝယ်ကောင်းတဲ့နေရာတွေရောက်ရင် သမီးလေးအတွက် ကစားစရာပစ္စည်းလေးတွေဝယ် ၊ ဆာရီစတွေဈေးသက်သာတာမို့ ၀ယ်ဖြစ်တာရယ်ကြောင့် ဒေါ်လာ ၁၀၀ ဘိုး လဲထားရင် ခဏဆို ပိုက်ဆံအိတ်ထဲမှာ ငွေက မရှိတော့ပါဘူး။ဒေါ်လာ ၁၀၀ လဲငွေ ရူပီ ၄၅၀၀ ဆိုရင်တော့ ဈေးသက်သာတဲ့နေရာတွေမှာ ပစ္စည်းလေးတွေ တော်တော်များများ ၀ယ်နိုင်ပါတယ်။


အိန္ဒိယရောက်တုန်း ဆာရီစတွေ ၀ယ်မယ်ဆိုရင် ဆိုရင် ရိုးရိုးဆာရီ အပါးစ ၊၇ကိုက်စတွေကို ရူပီ ၂၀၀ ၊ ၃၀၀၊၅၀၀၊၈၀၀ ၊၁၀၀၀ ၊ ၂၀၀၀ အထက် နဲ့ ပိုဈေးကြီးတဲ့ ဆာရီစတွေ အမျိုးအစား စုံလင်စွာ ၀ယ်နိုင်ကြပါတယ်။ဆာရီစ တစ်စ၀ယ်မယ်ဆိုရင် ၇ကိုက်ပါတာဆိုတော့ ၀မ်းဆက် ၂ စုံ ရတာမို့ ကျွန်မလည်း ၁၅ စလောက် ၀ယ်ဖြစ်ခဲ့ပါသေးတယ်။ပြန်ရောက်တော့ ဆေးခန်းက ညီမလေး ၅ယောက်ကို ၀မ်းဆက်တစ်စုံစီဖြတ်ပြီး လက်ဆောင်ပေးလိုက်တော့ သူတို့လည်း ပျော်ကြပါတယ်။ဆာရီစတစ်စကို ၀မ်းဆက်၂ စုံရတာမို့ သူတို့လည်းဝတ် ကျွန်မလည်း ရောင်စုံဝတ်ရတာမို့ အရမ်းအဆင်ပြေပါတယ်။ကျွန်မက ရူပီ ၂၃၀၀ တန်ဆာရီစ တစ်ထည်ဝယ်လာဖြစ်ခဲ့တော့ ၇ကိုက်စ ဖြစ်ပြီး ၀မ်းဆက် ၂စုံစာဖြစ်နေတာကြာင့် ဆေးခန်းက ဆရာဝန်ညီမလေးက အစ်မ၀တ်ဖြစ်မှာလည်းမဟုတ်ဖူး တစ်စုံပြန်ရောင်းလိုက်ပါလား အထည်ရောင်းတဲ့ သူ့ညီမလေးကို စပ်ပေးပါမယ်ပြောလို့ အဲလိုဆိုလဲ မဆိုးဘူး ၊ အရင်းပြန်ရနိုင်တယ် ရောင်းမယ်ဆိုပြီး အစလိုက် ညီမလေးကို ပေးလိုက်တာ လူကြီးကတော်သားအမိက အဲဒီအစကိုကြိုက်တယ်ဆိုပြီး ၀ယ်သွားတယ်လို့ ပြောပါတယ်။သူ ဘယ်လောက်နဲ့ ဈေးတင်ရောင်းလိုက်သလဲတော့မသိပါဘူး။ကျွန်မကတော့ တစ်စုံကို ၇၀၀၀၀ ကျပ် နဲ့ရောင်းမယ်။တစ်စုံကို ကိုယ်ဝတ်မယ်လို့ စဉ်းစားခဲ့တာပါ။ဝယ်မယ့်သူရှိတော့လဲ ရောင်းလိုက် ၂ စုံဆို ၁၄၀၀၀၀ ကျပ်ပေါ့။ မဆိုးပါဘူး စီးပွားဖြစ်နိုင်တယ်နော်။း) အရင်းက ၄၀၀၀၀ ကျော်ကျော်လောက်ပဲရှိတာပါ။တစ်သိန်းလောက်မြတ်တယ် မဆိုးဘူး။ အိန္ဒိယနဲ့ အထည်ကုန်ကူးရရင် ကောင်းမလားမသိလို့ တွေးမိပါသေးတယ်။း))


ဒီလိုနဲ့ ၂၀ရက်နေ့မနက်မှာတော့ တစ်နေကုန်ကားစီးကာ သာဝတ္တိမြန်မာဘုန်းကြီးကျောင်းသို့ ညမိုးချုပ်မှရောက်ကြပြီး အဆင်ပြေစွာတည်းခိုနိုင်ခဲ့ကြပါတယ်ရှင်။မနက်ပိုင်းမှာတော့ မြတ်စွာဘုရားအများဆုံး ၀ါဆိုသီတင်းသုံးခဲ့တဲ့ အနာထပိဏ်သူဌေး နှင့် ပုညလက္ခဏဒေ၀ီ တို့ ဆောက်လုပ်လှူဒါန်းခဲ့သော ဇေတ၀န်ကျောင်းတော်သို့ရောက်ရှိကာ ဆရာတော်ဟောကြားသောတရားများကို နာယူမှတ်သားခဲ့ရပြီး ၊ အနန္ဒာဗောဓိညောင်ပင်ကြီးကိုလည်း ဖူးမျှော်ကန်တော့ခဲ့ရပါတယ်။သာဝတ္တိရှိ မြတ်စွာဘုရားတန်ခိုးပြတော်မူခဲ့သော သရက်ဖြူကုန်း ၊ဒေ၀ဒတ်မြေမြိုရာနေရာများသို့လည်း ရောက်ရှိခဲ့ပါသည်။သာဝတ္တိမြို့သည် အစိရ၀တီမြစ်၏ကမ်းနဖူးပေါ်မှာ တည်ရှိပြီး ဘုရားရှင်လက်ထက် ပဋာစာရီသူဌေးသမီး၏သားကြီး ရေမျော၍ သားငယ်စွန်ချီခံခဲ့ရသောနေရာသည် ဤအစိရ၀တီမြစ်၌ ဖြစ်ပါသည်။ဇေတ၀န်ကျောင်းထဲမှာ မြတ်စွာဘုရားလက်ထက်က ရေတွင်းရှိပြီး ယခုအချိန်အထိသောက်သုံးနေကြတာကြောင့် အများနည်းတူ ကျွန်မသည်လည်းအလှူငွေထည့်ဝင်ကာ ရေသန့်ဘူးနဲ့ရေတစ်ပုလင်းထည့်ယူပြီး မြန်မာပြည်အထိသယ်ယူခဲ့ပါတယ်။


သာဝတ္တိမြို့မှာ "မဟာဇေယျသုခကျောင်း "ဆိုပြီး မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတည်ဆောက်လျှက်ရှိရာနေရာသို့ အစ်မနန္ဒာဝင်းမှ ဘုရာဖူးများကို ခေါ်ဆောင်သွားပေးတာကြောင့် ပါဝင်လှူဒါန်းလိုသူ အလှူရှင်များက မိမိတို့ စေတနာသဒ္ဒါတရားရှိသလောက် ပါဝင်လှူဒါန်းနိုင်ခဲ့ကြပါတယ်ရှင်။အစ်မနန္ဒာဝင်းက မဟာဇေယျသုခကျောင်းအတွက် အခန်းတစ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ မတည်လှူဒါန်းထားခဲ့ပြီး ၊ကျွန်မတို့ဘုရားဖူးအဖွဲ့နဲ့အတူလိုက်ပါလာတဲ့ ထိုင်ဝမ်မှ တရုတ်လူမျိုးမိသားစုကလည်း အခန်းတစ်ခန်းစာ ဒေါ်လာ ၄၀၀၀ လှူဒါန်းခဲ့တာကြောင့် အလှူရှင်များနဲ့ထပ်တူ ၀မ်းမြောက်ဝမ်းသာစွာနဲ့ သာဓုခေါ်ဆိုခဲ့ကြပါတယ်ရှင်။ဘုရားဖူးတွေအားလုံးကိုလည်း စေတနာရှိသလောက်အလှူငွေအနည်းငယ်စီ ထည့်ဝင်ကြရန် အလှူခံတဲ့အခါမှာ ဒေါ်လာ ၃၀၀၀ ကျော်ရရှိခဲ့တဲ့အတွက် အခန်းတစ်ခန်းစာလှူနိုင်ဘို့အတွက် ဒေါ်လာ ၄၀၀၀ ပြည့်သွားအောင် အလှူငွေထပ်ခံတဲ့အခါ လိုအပ်တဲ့အလှူငွေကို ဖြည့်လိုတဲ့အတွက် ကျွန်မမှလည်း မိမိတတ်နိုင်တဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀ ထည့်ဝင်သလို၊အခြားအလှူရှင်များမှလည်း ဒေါ်လာ ၁၀၀၊၂၀၀ စီထပ်ဖြည့်ကာ၊အလှူရှင် ဦးလေးတစ်ဦးမှ လိုအပ်အလှူငွေကို ဒေါ်လာ ၅၀၀ ဖြည့်လှူပါမယ်ဆိုတာကြောင့် အခန်းတစ်ခန်းစာ ဒေါ်လာ ၄၀၀၀ ပြည့်သွားပြီး ကျောင်းထိုင်ဆရာတော်ထံသို့ အခန်းတစ်ခန်းစာကို ၀မ်းမြောက်ဝမ်းသာ ကြည်နူးဝမ်းသာမှုအပြည့်နဲ့ သာဓုခေါ်ဆိုဖြစ်ခဲ့ကြပါတယ်ရှင်။

ညဘက်မှာတော့ ဇေတ၀န်ကျောင်းတော်ကြီးသို့တစ်ခေါက်ထပ်သွားကာ နာရီဝက်ကြာတရားရှုမှတ်ကြပြီးနောက် ဆီမီးများထွန်းညှိပူဇော် ကန်တော့ ဖြစ်ခဲ့ပြီး ရင်ထဲမှာလှိုက်လှိုက်လှဲလှဲဝမ်းသာကြည်နူးကာ မြန်မာပြည်ရှိ ဆွေမျိုးညာတကာများနဲ့ မရောက်ဖူးသေးသော ဗုဒ္ဓဘာသာဝင်အပေါင်းကို၊မိမိလိုပဲ ၀မ်းသာကြည်နူးစွာဘုရားဖူးနိုင်ကြစေရန် ဤနေရာသို့လာရောက်ဖူးမျှော်ကန်တော့နိုင်ကြပါစေလို့ ဆုများအကြိမ်ကြိမ်တောင်းကာ မေတ္တာပို့ အမျှပေးဝေဖြစ်ခဲ့ပါတယ်ရှင်။


၂၂ရက်နေ့မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံနယ်စပ် ၊နီပေါနိုင်ငံ "တောလိတွာ"မြို့နယ်မှာတည်ရှိတဲ့ မြတ်စွာဘုရား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ထီးနန်းစိုက်ရာမြို့တော်ဖြစ်သော ကပိလ၀တ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သက်တော် ၁၆ နှစ်မှ ၂၉နှစ် အရွယ်အထိ ယသော်ဓရာအမှူးရှိသော မိဖုရားပေါင်း လေးသောင်းခြံရံလျှက် ရမ္မ ၊သုဘ၊သုရမ္မတည်းဟူသော ရွှေနန်းသုံးဆောင်၌ ထီးနန်းစည်းစိမ်ကိုခံစားခဲ့သောမြို့ဖြစ်ပါသည်။

သားတော် သိဒ္ဓတ္ထမင်းသားသည် ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယကျင့်ပြီး ဗောဓိမဏ္ဍိုင်မှာ ဘုရားအဖြစ်သို့ရောက်တော်မူသောအကြောင်းကိုလည်းကောင်း၊ မိဂဒါဝုန်တော၌ ပဉ္ဇ၀ဂ္ဂီငါးပါးတို့အား တရားဦးဓမ္မစကြာကို ဟောတော်မူခြင်းအကြောင်းတို့ကို ကြားသိရ၍ မြတ်စွာဘုရားရှင်အား ဖူးတွေ့ချင်သောကြောင့် သုဒ္ဓေါဒနမင်းကြီးသည် အမတ်တစ်ယောက်ကို ပင့်ရန်စေခိုင်းခဲ့ပါတယ်။မြတ်စွာဘုရားအား ပင့်လျှောက်ရန်ရောက်လာကြသော အမတ်ကြီးနှင့် အခြံအရံအမတ်တစ်ထောင်တို့သည် ဝေဠုဝန်ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားသည် ပရိသတ်လေးပါးတို့အား တရားဟောနေချိန်ဖြစ်၍ တရားဝင်နာကြပြီး တရားအဆုံး၌ ထိုအမတ်နှင့် နောက်ပါတစ်ထောင်တို့သည် အရဟတ္တဖိုလ်၌တည်၍ ရဟန်းပြုသွားခဲ့ကြပါတယ်။သုဒ္ဓေါဒနမင်းကြီးသည် စေလွတ်လိုက်သောအမတ်များပြန်မလာ သတင်းမကြားသောကြောင့် နောက်အမတ်ကြီးတစ်ဦးကို အခြံအရံတစ်ထောင်နှင့်လွှတ်လိုက်ပြန်သောအခါ ထိုအမတ်တို့သည်လည်း တရားတော်ကိုနာယူ၍ ထိုနည်းအတိုင်း ရဟန်းပြုသွားခဲ့ပြန်ပါတယ်။ဤသို့ဖြင့် ၉ ကြိမ်တိုင်တိုင်စေလွှတ်သော်လည်းမအောင်မြင်သောကြောင့် မြတ်စွာဘုရားရှင်၏ဖွားဖက်တော်ဖြစ်သည့် ကာဠုဒါရီအမတ်ကို စေလွှတ်ပြန်ရာ ကာဠုဒါရီသည်လည်း နောက်ပါအမတ်တစ်ထောင်တို့နှင့်အတူ တရားနာ၍ အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကာ ရဟန်းပြုသွားခဲ့ကြပြန်လေသည်။တပေါင်းလပြည့်နေ့၌ ကာဠုဒါရီမထေရ်သည် မြတ်စွာဘုရားရှင်မှောက်သို့သွားရောက်ကာ ကပိလ၀တ်ပြည်သို့ ကြွပါရန်လျှောက်ထားသောအခါ တပေါင်းလပြည့်ကျော်တစ်ရက်နေ့တွင် မြတ်စွာဘုရားသည် နောက်ပါရဟန္တာ ၂၀၀၀၀ ခြံရံလျှက် ကပိလ၀တ်သို့ ကြွချီတော်မူခဲ့ပါသည်။တစ်နေ့လျှင် တစ်ယူဇနာဖြင့် ယူဇနာ ၆၀ ဝေးသောကပိလ၀တ်သို့ နှစ်လတာမျှကြွခဲ့ရပါသည်။



ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားမွေးနေ့ - (မဟာသက္ကရာဇ် ( ၆၈)ခု ၊ကဆုန်လပြည့်နေ့)


ကျွန်မတို့သည် ကပိလ၀တ်မြို့တော်မှ ၁၀မိုင်ခန့်ကွာဝေးသော အလောင်းတော်သိဒ္ဓတ္ထမင်းသားကို မွေးဖွားရာ နီပေါနိုင်ငံ လုမ္ဗနီမြို့သို့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ကြပါသည်။လုမ္ဗနီသည် အိန္ဒိယနိုင်ငံ၏ နယ်စပ်မြို့ ဆိုနာလီမှ ၁၆မိုင်ခန့်အကွာ နီပေါနိုင်ငံအတွင်း၌ တည်ရှိပါသည်။အလောင်းတော် သိဒ္ဓတ္ထမင်းသားကို မဟာသက္ကရာဇ် ( ၆၈)ခု ၊ကဆုန်လပြည့် (သောကြာနေ့) မေလ ( ၁၇) ရက်နေ့တွင် မွေးဖွားခဲ့ပါသောကြောင့် ယနေ့ မေလ ၁၇ ရက်နေ့သည် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား၏ မွေးနေ့ပင်ဖြစ်ပါသည်။အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ဖွားမြင်တော်မူသည်နှင့်တပြိုင်နက် မြောက်အရပ်သို့ ( ၇ )ဖ၀ါးလှမ်းကာ ရပ်တန့်လျှက်…



၁.အဂ္ဂေါဟသ္မိံ လောကသ (ငါသည် လောက၌ အမြတ်ဆုံး)

၂.ဇေဌောဟသ္မိံ လောကသ (ငါသည် လောက၌ အကြီးဆုံး)

၃.သေဌောဟသ္မိံ လောကသ (ငါသည် လောက၌ အချီးမွမ်းအပ်ဆုံး) ဟူ၍ စကားကြီး သုံးခွန်းတို့ဖြင့် ဥဒါန်းကျူးရင့် ကြွေးကြော်တော်မူခဲ့လေသည်။လုမ္ဗနီသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာမြို့ဖြစ်၍ လာရောက်ဖူးမျှော်သင့်သော နေရာလည်း ဖြစ်ပါသည်။မဟာပရိနိဗ္ဗာနသုတ်တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက "ချစ်သားအာနန္ဒာ နောင်အခါ သဒ္ဓါတရားရှိသော ရဟန်းယောကျာင်္း၊ရဟန်းမိန်းမများ ၊ ဒကာ ဒကာမများတို့သည် -


၁.မြတ်စွာဘုရားဖွားတော်မူရာ "လုမ္ဗနီဥယျာဉ်"

၂.သဗ္ဗညုရွှေဥာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ရောက်တော်မူရာ "ဗုဒ္ဓဂယာ မဟာဗောဓိမဏ္ဍိုင်"`

၃.ပဉ္ဇ၀ဂ္ဂီ ငါးပါးတို့အား တရားဦးဓမ္မစကြာဟောတော်မူရာ "မိဂဒါဝုန်"


ဤသို့အားဖြင့် သံဝေဇနိယလေးဌာနတွင် တစ်ခုအပါအ၀င်ဖြစ်သော ဤလုမ္ဗနီဥယာဉ်သည် ဘုရားအလောင်းဖွားမြင်တော်မူခဲ့သော နေရာဌာနတစ်ခုဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမကပါပဲ ကမ္ဘာသူ ကမ္ဘာသားတို့အတွက် ဖူးမျှော်လေ့လာစရာ ၊သံဝေဂယူဖွယ်ရာ နေရာဌာနတစ်ခု ဖြစ်နေခဲ့ပါသည်။

လုမ္ဗနီမြို့ ၊ မြတ်စွာဘုရားမွေးဖွားရာနေရာသို့ နိုင်ငံတကာမှ ဘုရားဖူးများစည်ကားစွာဖြင့် လာရောက်ဖူးမျှော်လျှက်ရှိကြရာ ယခုအခါတွင် ဤဖွားမြင်တော်မူရာနေရာသို့ ဓါတ်ပုံရိုက်ခွင့်မပြုပါသော်လည်း ကျွန်မမှ စာဖတ်သူမောင်နှမများအားမျှဝေလိုပါသဖြင့် ဓါတ်ပုံတစ်ပုံ မရရအောင် ရိုက်ယူလာသည်ကို ဆရာတော်မှ တဖက်မှာနေ၍ တွေ့မြင်သောအခါ "၀ါဝါတို့ကတော့ ဓါတ်ပုံမရိုက်ရတာကို ရအောင်ရတာပဲ "လို့ ပြုံးပြုံးကြီး မိန့်တော်မူခဲ့တယ်လို့ မေမေကပြောပြခဲ့ပါတယ်။အလွန်ရောက်ခဲသောနေရာကို ရောက်လာပြီးကာမှ အမှတ်တရ ဓါတ်ပုံလေးတစ်ပုံတောင် မှတ်တမ်းမတင်ရရင် စိတ်မကောင်းဖြစ်နေမိမှာမို့ ရအောင်ရိုက်ယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။ညဘက်မှာတော့ ကုသိနာရုံ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိတည်းခိုကြကာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံမြန်းရာ ကုသိနာရုံ ပရိနိဗ္ဗာနစေတီတော်သို့ ရောက်ရှိဖူးမျှော်ခဲ့ကြပါသည်။မြတ်စွာဘုရားရှင်သည် ဤကုသိနာရုံ၌ "ရဟန်းတို့ ပြုပြင်ပေးရသမျှ သခါင်္ရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။မမေ့သော သတိတရားဖြင့် သင်ချစ်သားတို့သည် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့"ဟု နောက်ဆုံးသြ၀ါဒစကားမိန့်ကြားတော်မူခဲ့ပါသည်။ကျွန်မတို့သည် ကုသိနာရုံမြန်မာဘုန်းတော်ကြီးကျောင်း၌ ၂ ညတာတည်းခိုခဲ့ကြပြီး လမ်းတစ်လျှောက် မြတ်စွာဘုရား ရေကြည်တော်သုံးဆောင်ခဲ့သည့်နေရာ ၊ မြတ်စွာဘုရား တေဇောဓါတ်လောင်ကျွမ်းရာ ရာမဘစေတီတော် ၊တေဇောဓါတ်လောင်ကျွမ်းပြီးနောက် ကြွင်းကျန်သောဓါတ်တော်ဝေရာဌာန၊ မြတ်စွာဘုရား ကိုယ်လက်သန့်စင်ခဲ့သော ကကုဓမြစ် ၊စုန္ဒပန်းတိမ်သည် ဆွမ်းကပ်သောနေရာများသို့ ရောက်ရှိကာ ဆရာတော်မှ သေခြာရှင်းလင်းပြသည်များကို နာယူမှတ်သား ကုသိုလ်များယူဖြစ်ခဲ့ကြပါသည်။


ထို့နောက် ၂၄ ရက်နေ့တွင် မြတ်စွာဘုရားကိုယ်တော်တိုင်ကြွရောက်၍ အရှင်အာနန္ဒာအား " ရတနာသုတ်ပရိတ်တော် "ကို ဟောစေခဲ့သော ဝေသာလီပြည်သို့ ရောက်ရှိခဲ့ကြပါသည်။ဝေသာလီမြို့သည် မြတ်စွာဘုရားမိထွေးတော် ဂေါတမီနှင့် သာကီဝင်အမျိုးသမီးများအား ဘိက္ခူနီမပြုရန်ခွင့်ပြုခဲ့သောမြို့ဖြစ်ပါသည်။အောင်ခြင်းရှစ်ပါးရှိရာတွင် ဤဝေသာလီပြည်၌ပင် မြတ်ဗုဒ္ဓသည် သစ္စကပရဗိုဇ် ကိုအောင်မြင်တော်မူခဲ့ပါသည်။ထို့အပြင် ဝေသာလီမြို့တွင် ဘုရားရှင်လက်ထက်က "အမ္ဗပါလီ" အမည်ရှိသော ပြည့်တန်ဆာမကြောင့် အလွန်စည်ကားသောမြို့တစ်မြို့ဖြစ်ခဲ့လေသည်။မြတ်စွာဘုရားသည် နောက်ဆုံးဝါတော်ကို ဝေသာလီပြည်အနီး ဝေဠုဝရွာတွင် ၀ါဆိုခဲ့လေသည်။မြတ်စွာဘုရားသည် ဝေသာလီပြည်မှ ကုသိနာရုံသို့ ပရိနိဗ္ဗာန်ပြုရန်မကြွမီ ဝေသာလီပြည်ကို ဆင်ပြောင်ကြီးကဲ့သို့ ကိုယ်ခန္တာတော်ကိုပါပြန်လှည့်လျှက် ကြည့်ရှုတော်မူပြီးလျှင် " ချစ်သားအာနန္ဒာ ဤယခုကြည့်ခြင်းသည် ဝေသာလီပြည်ကို ငါကိုယ်တော်မြတ် နောက်ဆုံးကြည့်ခြင်း ဖြစ်ပေသည်။"ဟု မိန့်ဆိုပြီး ရှေ့ဆက်ကြွသွားလေသည်။ အသောကမင်းကြီးတည်ခဲ့သော ကျောက်တိုင်များအနက် ဝေသာလီပြည်ရှိကျောက်တိုင် တစ်တိုင်သာပဲ ယခုအချိန်အထိ မကျိုးမပဲ့ အကောင်းအတိုင်းရှိနေသည်ကို တွေ့ရှိခဲ့ရပါသည်။ဝေသာလီမြို့မှ အပြန်တွင် ဂဂါင်္မြစ်ကြီးကို ဖြတ်ရတော့ ဂဂါင်္မြစ်မှာ ပိုက်ဆံပစ်ပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ အန်တီတွေကပြောတာကြောင့် ကားလမ်းရှုတ်ရှုတ်ကြီးမှ ရအောင်ဖောက်ထွက်လာတဲ့ ကားသမားလေးပကပ်ခ်ျကို မေတ္တာရပ်ခံကာ တံတားပေါ်မှာကားခဏရပ်ခိုင်းပြီး ငွေအကြွေစေ့တွေပစ်ကာ ပျော်ရွှင်စွာနဲ့ဆုတောင်းခဲ့ကြပြီး ကားပေါ်အမြန်ပြေးတက်ခဲ့ကြပါတယ်။


ကျွန်မတို့ဘုရားဖူးအဖွဲ့သည် ၂၄ ရက်နေ့ညမှာတော့ စတင်ထွက်ခွါလာခဲ့တဲ့ ဗုဒ္ဓဂယာမဟာဗောဓိဓမ္မရိပ်သာ ကျောင်းသို့ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့ ပင်ပမ်းခြင်းမရှိပဲ ပြန်လည်ရောက်ရှိကြတဲ့အခါ လမ်းခရီးစဉ်တလျှောက်လုံးမှာ ငြီးငြူခြင်းမရှိ ၊ ကျွန်မတို့အပေါ် ဂရုတစိုက်တာဝန်ကျေခဲ့ပါသော ကားသမားလေးပကပ်ခ်ျကို အန်တီတို့အဖွဲ့က ရူပီ ၁၀၀၀ ၊ မေမေက ရူပီ ၅၀၀ ၊ကျွန်မကတော့ သူက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျောင်းစဖွင့်မှာဖြစ်ကြောင်း ကျွန်မတို့ကားပေါ်မှာ သူ့သူငယ်ချင်းဖြစ်သူက ဖုန်းဆက်လာတဲ့အခါ မေးမြန်းသိရှိထားရတော့ ကျွန်မတို့မြန်မာပြည်ပြန်တာနဲ့ တက္ကသိုလ်တက်မယ့် ပကပ်ခ်ျကို အထောက်အပံ့လေးအနည်းငယ်ရအောင် ကျွန်မမှာကျန်ရှိနေတဲ့ USD 50 ကို ပေးလှူဖြစ်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီလိုပေးလှူတာလဲ ဒါနတစ်ခုမြောက်တာပါပဲလေ။သူ့အတွက်အကျိုးကို ဘာမှ မမျှော်ကိုးပါပဲ နေ့စဉ် ၊ညစဉ် ကားအမိုးပေါ်တင်ထားတဲ့ ကျွန်မတို့ရဲ့အိတ်တွေကိုချပြီး အခန်းထဲရောက်အောင်ပို့ပေးသလို၊မနက်ပိုင်း ပစ္စည်းတွေအသင့်သိမ်းပြီးတာနဲ့ သူ့ကိုဖုန်းဆက်ခေါ်လိုက်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ ငြူစူခြင်းမရှိ အိတ်တွေကို လာရောက်သယ်ပေးတတ်တဲ့ ၊အိန္ဒိယကားသမားလေးပကပ်ခ်ျကို တခြားအဖွဲ့တွေကပါ "အစ်မတို့ကားသမားလေးက သဘောအရမ်းကောင်းတာပဲနော်"လို့ ချီးမွမ်းကြတဲ့အထိ တာဝန်ကျေလွန်းသူ တစ်ယောက်မို့ ကျွန်မတို့ကလည်း စေတနာသဒ္ဓါတရားပိုပြီးရှိပေမယ့် ကိုယ့်မှာကျန်တဲ့ငွေအတိုင်းအတာနဲ့ ပေးနိုင်သလောက်ကလေးကို စုပြီး သူ့ကို ဆုချခဲ့ကြခြင်းသာဖြစ်ပါတယ်။

၂၅ ရက်နေ့မှာတော့ ဗုဒ္ဓဂယာမြို့ရှိ မြတ်စွာဘုရား ၆ နှစ်တိုင်တိုင် ဒုက္ကရစရိယကျင့်ခဲ့သော ဥရုဝေလတောင်တန်းသို့ သွားရောက်ဖူးမျှော်ခဲ့ကြပါသည်။တောင်ပေါ်သို့ခြေလျှင်မတက်နိုင်ပါက အထမ်းသမားလေးတွေနဲ့တက်ရင် တစ်ယောက် ရူပီ ၄၀၀ ပေးရပါတယ်။ပထမကျွန်မလည်း တောင်ပေါ်ကို ခြေလျှင်ရအောင်တက်ကြည့်မလို့ပါပဲ နောက်တော့ လမ်းတ၀က်မပြည့်ခင် မတက်နိုင်တော့လို့ အစ်မနန္ဒာခေါ်ပေးတဲ့ တောင်ပေါ်ကပြန်ဆင်းလာတဲ့အထမ်းသမားနဲ့ လမ်းတ၀က်လောက်ကနေ တက်ခဲ့ရပါတယ်။တောင်ပေါ်ကို မေမေက ခြေလျှင်တက်ပြီး ကျွန်မကတော့ အထမ်းနဲ့တက်တာမို့ အန်တီတွေက ရယ်ကြပါသေးတယ်။

တောင်ပေါ်ကနေဆင်းတော့ ဥရုဝေလတောင်တန်းရှေ့မှာ ယခုကျွန်မအလှူခံနေပါသော ဥရုဝေလတရားစခန်း တည်ဆောက်မည့် မြေကွက်မှာ သံဃာတော်အများကို ပင့်ဖိတ်ကာ ၂၅ ရက်နေ့မှာ မြေသန့်မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။မြေသန့်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊သံဃာတော်အပေါင်းတို့ကို အစ်မနန္ဒာဝင်းမှ တစ်ပါးလျှင် ရူပီ ၂၀၀၀ နှုန်းနဲ့ အပါး(၄၀)ခန့်အတွက် ကပ်လှူခဲ့တာကိုတွေ့ရတော့ အလှူရှင်နဲ့ထပ်တူဝမ်းသာစွာနဲ့ ၊လှူနိုင်တဲ့ အစ်မနန္ဒာကို အားကျမိပြန်ပါတယ်။မြေသန့်မင်္ဂလာအခမ်းအနား အပြီးမှာတော့ ဥရုဝေလတရားစခန်းတည်ဆောက်မည့်နေရာ၏ အနီးပတ်ဝန်ကျင်တွင်နေထိုင်ကြပြီး အလှူလုပ်မည်ဟုကြားသိ၍ ရောက်ရှိလာကြကုန်သော အိန္ဒိယလူမျိုး ၊ကလေး လူကြီးအားလုံးကို ပလာတာ၊အာလူးဟင်း ၊မလိုင်လုံးများကို စက္ကူဘူးများနဲ့ထည့်ကာ ပေးဝေပြီး အလှူလုပ်ခဲ့ကြပါတယ်ရှင်။


၂၅ ရက် ညဘက်မှာတော့ ဆရာတော်ကိုနှုတ်ဆက်ကန်တော့ပွဲကျင်းပပြီး ဒေါ်နန္ဒာဝင်းဦးဆောင်သော ဘုရားဖူးအဖွဲ့အားလုံးကို ရူပီ ၁၀၀တန်အထက် ပစ္စည်းလေးတွေဝယ်စေကာ မဲဖောက်ပြီး အမှတ်တရ ပစ္စည်းများလဲစေခဲ့သလို အလှူရှင်များမှ ဥရုဝေလတရားစခန်းတည်ဆောက်ရန်အလှူငွေများနဲ့အတူ ၊ ဆွမ်းပဒေဿာပင်အလှူငွေများ ၊ဆရာတော်အတွက် န၀ကမ္မအလှူငွေများထည့်ဝင်ကြရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ( 32350 USD) ၊ အိန္ဒိယရူပီ ( ၉၂၀၀) ၊မြန်မာငွေ ( ၅၀၀၀ ကျပ်)၊စင်္ကာပူ(၂ဒေါ်လာ) ၊ရွှေလက်ကောက် ငါးမူးသား စတဲ့ အလှူငွေများကို ကောက်ခံရရှိပြီး ဘုန်းဘုန်းမှ "ဥရုဝေလတရားစခန်းတည်ဆောက်ရန်အတွက် ပေ၂၀ ပတ်လည် မြေတစ်ကွက်ကို အမေရိကန်ဒေါ်လာ (၁၀၀၀) နှုန်းနဲ့ မြေကွက် (၅၀ )ကို အကြွေးနဲ့ဝယ်ခဲ့ပြီး မေလနောက်ဆုံးထားပြီး ရှင်းရမှာ ဖြစ်တဲ့အတွက် အရမ်းပဲ အဆင်ပြေသွားပါကြောင်း ၊မြေကွက် (၄၀)ဘိုး ရှင်းပြီးသားဖြစ်ပါ၍ မြေကွက်(၁၀)ကွက်ဘိုး ရှင်းရန်ကျန်နေပါသောကြောင့် ယခုအလှူရှင်များမှ ထည့်ဝင်ကြသောအလှူငွေများဖြင့် မြေ(၁၀)ကွက်စာ အကြွေးဆပ်နိုင်ပြီဖြစ်ပါကြောင်း၊အနည်းဆုံး မြေဧက ( ၅ဧကခန့်) ၀ယ်ချင်ပါသော်လည်း၊ယခု ( ၂ဧကသာ)၀ယ်နိုင်ပါသေးကြောင်း၊နောက်ပိုင်းမှာ အဆင်ပြေတာနဲ့ ဥရုဝေလတရားစခန်းတွင်မြတ်စွာဘုရား ဒုက္ကရစရိယကျင့်တဲ့ပုံကို ပေ ၉၀ လောက်ထုလုပ်ကိုးကွယ်ရန် စိတ်ကူးထားပါကြောင်း၊ဥရုဝေလ တရားစခန်းကြီးတည်ဆောက်ပြီးစီးသွားပါက တစ်နှစ်လုံးလုံး တရားစခန်းများဖွင့်ထားမည်ဖြစ်ပြီး ၊တရားစခန်း (၁လ)ပဲဝင်ဝင်၊ (၂လ)ပဲဝင်ဝင် ၊အမြဲပဲဝင်ဝင် လာရောက်ကုသိုလ်ယူနိုင်ကြပါကြောင်း" မိန့်ကြားပြီး အလှူရှင်များနဲ့အတူ ၀မ်းမြောက် ၀မ်းသာစွာသာဓုခေါ်ဆို၍ ဆရာတော်အားနှုတ်ဆက်ကန်တော့ပွဲ ပြီးဆုံးသွားခဲ့ပါတယ်ရှင်။



ဗုဒ္ဓဂယာ ၊ ဥရုဝေလတရားစခန်း မြေသန့်မင်္ဂလာအခမ်းအနား( ၂၅.၂.၂၀၁၁)

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ အစ်မနန္ဒာဦးဆောင်တဲ့ ကျွန်မတို့ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ဟာ MAI လေယာဉ်ကြီးနဲ့ မြန်မာပြည်သို့ ပြန်လာထွက်ခွါလာခဲ့ကြပါတယ်။

ဒီခရီးစဉ်မှာ ဘုရားဖူးများအားလုံး စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ ငွေပေးရတယ်လို့မထင်ရအောင် နေစရာ၊စားစရာနဲ့လိုအပ်သည်များ ပြီးပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသော အစ်မနန္ဒာနဲ့ အဖွဲ့ကို ဘုရားဖူးများက အထူးပင်ကျေးဇူးတင်ကြသလို ၊ကျွန်မနေနဲ့လည်း အစစအရာရာ ပြီးပြည့်စုံတဲ့ ဒီခရီးစဉ်ကို လိုက်ပါခွင့်ရတဲ့အတွက် ဆရာတော်နှင့်တကွ အစ်မနန္ဒာတို့ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ထပ်ပြီးလည်း ဗုဒ္ဓဂယာသို့ သွားလိုစိတ်များမွေးဖွားလာခဲ့တဲ့အတွက် ၊နောက်အဆင်ပြေတဲ့အချိန်တွေမှာ ဘုရားဖူးလိုက်ပါနိုင်အောင် ကြိုးစားပါဦးမယ်ရှင်။

ဗုဒ္ဓဂယာဘုရားဖူးသွားကြမယ်ဆိုရင်---

ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားဘို့ရန်အတွက် မေးလ်ပို့ဆက်သွယ်လာကြပါသော မောင်နှမမိတ်ဆွေများအားလုံးကို ကျွန်မအခု ပြန်ကြားပေးလိုက်ပါတယ်ရှင်။ကျွန်မတို့သွားခဲ့သော နှစ်ပတ်ကြာခရီးစဉ်အတွက် ခရီးစဉ်စ ဆုံး ကုန်ကျငွေမှာ ( ၁၀၄၀၀၀၀ ကျပ်) ဖြစ်ပါတယ်ရှင်။ခရီးစဉ်မှာ မနက်စာ၊နေ့လည်စာ၊ညစာများကို ပြီးပြည့်စုံစွာ ကျွေးပြီး ခရီးစဉ်တလျှောက်လိုအပ်သောသူများအတွက် ဆေးများကိုပါ အခမဲ့ပေးဝေပေးပါတယ်ရှင်။မနက်အစောကြီးခရီးထွက်တဲ့နေ့တွေမှာ ဘရိတ်ဖတ်ကို ကားပေါ်မှာ အဆင်ပြေစွာသုံးဆောင်နိုင်ကြစေရန် ကော်ဖီဓါတ်ဘူးတစ်ဘူး နဲ့အတူ ပေါင်မုန့်ကြက်ဥကြော်များကို ကားပေါ်တွင် အသင့်စီစဉ်ပေးထားခဲ့ပါတယ်။နေ့လည်စာကိုတော့ စားသောက်ရန်အတွက် အဆင်ပြေသောဆိုင်နေရာများတွေ့ပါက ကားခဏနားပြီး အသင့်ချက်ပြုတ်လာသော ထမင်းဟင်းများကို မြိန်ယှက်စွာသုံးဆောင်စေပါတယ်။ညစာကိုတော့ များသောအားဖြင့် ဘုန်းကြီးကျောင်းနဲ့ တည်းခိုသောနေရာများတွင် စားဖြစ်ကြပါတယ်ရှင်။

အစ်မနန္ဒာရဲ့ဘုရားဖူးအဖွဲ့ဟာ ခရီးသွားအေဂျင်စီတစ်ခုမဟုတ်ပါပဲ ဘုရားဖူးလိုသူ မိတ်ဆွေများစုစည်းကာ တစ်နှစ် ( ၃)ကြိမ် သွားရောက်ခြင်းသာဖြစ်ပါတယ်။အစ်မ အနေနဲ့လည်း ဒီအလုပ်ကို စီးပွားဖြစ်လုပ်ခြင်း မဟုတ်ပါပဲ ခရီးသွားလိုသူမိတ်ဆွေများအစစအရာရာ အဆင်ပြေစေနိုင်ရန်စေတနာရှေ့ထား၍ ရရှိလာသောအမြတ်အစွန်းများကို ဗုဒ္ဓဂယာတွင်ပြန်ပြီး လှူဒါန်းမှုများပြုနေသောသူဖြစ်ပါတယ်ရှင်။အစ်မရဲ့ပြောပြချက်အရ ( ၈)လပိုင်းတစ်ကြိမ်၊( ၁၂)လပိုင်းတစ်ကြိမ်၊(၂)လပိုင်းတစ်ကြိမ် သွားဖြစ်ကြပြီး ( ၂)လပိုင်းကတော့ ရာသီဥတု အကောင်းဆုံးအချိန်လို့ သိရပါတယ်။

ဒီနေ့မနက် အစ်မထံဖုန်းဆက်မေးတဲ့အခါ အစ်မက ဒီနေ့မှ ဘန်ကောက်ကပြန်ရောက်တာဖြစ်တဲ့အတွက် အလှူရှင်များဆက်သွယ်လှူဒါန်းမှုတွေကို မေးလ်များမပြန်နိုင်တာဖြစ်ပါကြောင်း သိခဲ့ရပါတယ်။နောက်ပြီး ဗုဒ္ဓဂယာ ၂ပတ်ခရီးစဉ်ရှိသလို ၊ အချိန်မရသူတွေအတွက် ( ၁ပတ်)ခရီးစဉ်ရော စီစဉ်ပေးနိုင်ပါသလားလို့ အစ်မကို မေးတဲ့အခါ အစ်မအနေနဲ့ တစ်ပတ်ခရီးစဉ်ကို မစီစဉ်ပဲ ( ၂ပတ်ခရီးစဉ်)သာ စီစဉ်ပါကြောင်းသိရပါတယ်။သို့ပေမယ့်လည်း စင်္ကာပူမှ ဗုဒ္ဓဂယာသို့ သွားလိုသူများအတွက် စင်္ကာပူမှကလက္ကတားသို့ မိမိခရီးစဉ်နဲ့ မိမိလာကာ ကလက္ကတားလေဆိပ်တွင် အစ်မနန္ဒာတို့အဖွဲ့မှ လာကြိုပေးပြီး တစ်ပတ်ခရီးကို စီစဉ်ပေးနိုင်ပါကြောင်း၊တစ်ပတ်ခရီးစဉ်ဖြစ်ပါက သံဝေဇနိယ ( ၄)ဌာနဖြစ်သော မြတ်စွာဘုရားမွေးဖွားရာ (လုမ္ဗနီ)၊မြတ်စွာဘုရားပွင့်တော်မူရာ (ဗုဒ္ဓဂယာ)၊မြတ်စွာဘုရား တရားဟောရာ (မိဂဒါဝုန်) ၊မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူရာ (ကုသိနာရုံ)များသို့သာ အဓိကပို့ပေးမည်ဖြစ်ကြောင်း၊ ( ၂ပတ်)ခရီးစဉ်ကဲ့သို့ နယူးဒေလီ စသောမြို့ကြီးများကို မရောက်နိုင်ပါကြောင်း ပြောပြ သိရှိရပါတယ်ရှင်။ဗုဒ္ဓဂယာ ၁ ပတ်ခရီးစဉ်အတွက် ခရီးစရိတ် ကုန်ကျငွေကတော့ ( ၅ သိန်းခွဲခန့်) ဖြစ်ပါတယ်။ဗုဒ္ဓဂယာရောက်ရင် မြန်မာဘုန်းတော်ကြီးကျောင်း( ၆) ကျောင်းမှာ မိမိတို့ သဒ္ဓါတရားရှိသလောက် ပါဝင်လှူဒါန်းနိုင်ကြပါတယ်။စင်္ကာပူမှာနေထိုင်ကြပါသော မိတ်ဆွေ မောင်နှမများအနေနဲ့ စုပြီးဘုရားဖူးသွားလိုကြပါက ရက်သတ်မှတ်ကာ ကျွန်မအနေနဲ့ စီစဉ်ပေးနိုင်အောင် ကြိုးစားပေးပါမယ်ရှင်။


ကျွန်မနဲ့ ဗုဒ္ဓဂယာခရီးစဉ် ပြီးဆုံးပါပြီ။

အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။



No comments:

Post a Comment