Monday, June 6, 2011

ကျွန်မနဲ့ ဗုဒ္ဓဂယာခရီးစဉ် ( ၃ )

အိန္ဒိယလေဆိပ်


ကျွန်မနဲ့ဗုဒ္ဓဂယာ ခရီးစဉ် ( ဗုဒ္ဓဂယာမြို့၊ရာဇဂြိုလ်မြို့) ( ၃)

ဗုဒ္ဓဂယာလေဆိပ်ထဲရောက်လာတော့ ဆရာတော်ကိုဂါရ၀ပြုနှုတ်ဆက်ပြီးတဲ့အခါ ဆရာတော်မှ “ဒကာမကြီးတို့ အပြင်မှာ ကားတွေလာကြိုနေတယ်၊ကားပေါ်တက်ပြီး စောင့်နေကြပါ”လို့ ဆိုတဲ့အခါ လေဆိပ်အပြင်ကို ထွက်လာခဲ့ကြပါတယ်။လေဆိပ်အပြင်ဖက်ရောက်တော့ တခြားဘုရားဖူးအဖွဲ့ကို ဘတ်စ်ကားကြီးတစ်စီးနဲ့လာကြိုနေတာတွေ့ရပြီး ကျွန်မတို့ဘုရားဖူးအဖွဲ့ကိုတော့ “ကားလေးတွေက ဆင်းရတက်ရတာ အဆင်ပြေတာကြောင့် ကားလေးတွေ စီစဉ်ထားတယ်”လို့ မနန္ဒာကြိုပြောထားတဲ့အတိုင်း ကားဖြူလေးတွေ ၉ စီးခန့်လာကြိုနေတာကိုတွေ့ရပြီး ၊ကားသမား ကုလားလေးတွေက ပစ္စည်းထုတ်တွေကို သေခြာစံနစ်တကျနဲ့ ကားအမိုးပေါ်တင်ပေးနေကြတာကို တွေ့ရပါတယ်။ကျွန်မနဲ့မေမေကတော့ ကချင်ပြည်နယ်ဖက်မှ အရာရှိကတော်တွေဖြစ်ကြတဲ့ အန်တီ၎ ဦးအဖွဲ့နဲ့အတူ ကားလေးတစ်စီးမှာ အတူစီးခဲ့ရပြီး၊ ၂ ပတ်တာခရီးစဉ်တလျှောက်လုံး အဲဒီအန်တီ ၄ ဦးနဲ့အတူ အဲဒီကားလေးကိုပဲ အတူတူစီးခဲ့ကြရတာ ဖြစ်ပါတယ်။


ပစ္စည်းတွေ အမိုးပေါ်တင်ပြီးကြတာနဲ့ လူစုံပြီမို့ လေဆိပ်မှ ကားစထွက်ဖို့အသင့်ဖြစ်တဲ့အခါ ကားမောင်းတဲ့ကုလားလေးက Are you ready? လို့ အားလုံးကိုကြည့်ပြီးမေးတော့ မြန်မာစကားနားလည်တယ်ထင်ပြီး အဆင်သင့်ဖြစ်ကြတာနဲ့ အန်တီတွေက “ရပြီး ရပြီး မောင်းမောင်း” လို့ ပြန်ဖြေလိုက်ကြတဲ့အခါ ၊ကုလားလေးက နားလည် သလိုလိုနဲ့ ပြုံးပြုံးလေးလုပ်ကာ ကားမောင်းထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ “ဗုဒ္ဓဂယာ မဟာဗောဓိ ဓမ္မရိပ်သာ”လို့ စာတန်းထိုးထားတဲ့မုခ်ဦး နဲ့အတူ ၊အစ်မနန္ဒာဝင်း ဦးစီးလှူဒါန်းပြီး တည်ဆောက်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကြီးကို တင့်တယ်ခမ်းနားစွာ တွေ့ရှိလိုက်ရပါတယ်ရှင်။ကျောင်းကို ကားဆိုက်ရောက်တယ်ဆိုရင်ပဲ ဆရာတော်နဲ့အတူ ဆာကူရာသွားဆေးခန်းသို့ အတူလိုက်ပါလာဘူးတဲ့ ဦးဇင်းက “ ဆာကူရာ က ဒကာမကြီး ဒေါ်ဝါ၀ါခိုင်မင်း ၊ဒီတစ်ခေါက်တော့ ရောက်လာပြီပေါ့ ၊ဦးဇင်း အခန်းစီစဉ်ပေးမယ် ၊ပစ္စည်းထုတ်တွေထားခဲ့ ၊ကားသမားတွေ ပို့ပေးလိမ့်မယ်” ဆိုပြီး ၄ ယောက်ခန်း တစ်ခန်းကို ကျောက်ပန်းတောင်းမှ အန်တီသားအမိနှစ်ယောက်နဲ့အတူ နေဘို့ စီစဉ်ပေးခဲ့ပါတယ်။တစ်ခန်းတည်း အတူနေရတဲ့ အန်တီကလည်း အနေအေးသလို ညီမလေးကလည်း စိတ်သဘောထားကောင်းတာမို့ နေရထိုင်ရတာ အဆင်ပြေခဲ့ပါတယ်။
( မဟာဗောဓိဓမ္မရိပ်သာ ကျောင်းကြီးမှာ မနှစ်က ၀ါတွင်း ၃လ တရားစခန်းမှာ ကျွန်မနဲ့ အတူ အလှူရှင်များစွာက အရုဏ်ဆွမ်း+နေ့ဆွမ်း+ဖျော်ရည်အလှူများ ဆက်ကပ်လှူဒါန်းဖြစ်ခဲ့ကြပါတယ်ရှင်။)




အခန်းထဲမှာ ပစ္စည်းတွေချပြီးတာနဲ့ နေ့လည်စာထမင်းသုံးဆောင်ဘို့ရန် ကုလားလေးတွေက “ထမင်းစားလို့ရပါပြီခင်ဗျာ” “ထမင်းလာစားနိုင်ကြပါပြီခင်ဗျာ” ရယ်လို့ ယဉ်ကျေးစွာပြောပြီး လာခေါ်ကြတဲ့အခါ ကုလားလေးတွေကို မြန်မာစကား ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်အောင် သင်ပေးထားကြတဲ့ ဆရာတော်နဲ့တကွ အစ်မနန္ဒာတို့ကို လေးစားအထင်ကြီးမိလိုက်ပြန်ပါတယ်။ ထမင်းစားဆောင်က အိပ်ဆောင်နဲ့တွဲရက်ဖြစ်နေတာမို့ ကျောင်းထဲစ၀င်ကတည်းက ချဉ်ရည်ဟင်းနံ့လေးသင်းနေတဲ့အခါ လေယာဉ်ပေါ်က ထမင်းဟင်းတွေကို မြိန်ယှက်စွာမစားတတ်တဲ့ကျွန်မက ထမင်းစားဆောင်ကိုဖြတ်တာနဲ့ သွားရည်ကျခဲ့ပြီးဖြစ်တာကြောင့် “ထမင်းစားလို့ရပါပြီခင်ဗျာ” လို့အသံကြားတာနဲ့ နောက်မကျပဲ ထမင်းစားဆောင်ကို အမြန်ရောက်သွားခဲ့ပါတော့တယ်။စောစောက ကျွန်မကို ဆာကူရာက ဒကာမကြီးလို့ လာခေါ်တဲ့ ဦးဇင်းက ထမင်းစားဆောင်ကို တာဝန်ယူအုပ်ချုပ်တဲ့ဆရာတော်ဖြစ်ပြီး မြန်မာထမင်းဟင်းတွေ စုံလင်အောင် စီစဉ်ချက်ပြုတ်ထားတာမို့ ဘုရားဖူးအားလုံးက ထမင်းစားကောင်းတယ်လို့ ချီးမွမ်းပြောဆိုသံကြားရသလို ကျွန်မကိုယ်တိုင်လည်း ထမင်းတော်တော်လေး စားကောင်းလို့ အိမ်မှာဆိုများသောအားဖြင့် တစ်ပန်းကန်သာပဲ စားတတ်တဲ့ကျွန်မ လိုက်ပွဲထပ်ယူကာ မြိန်ယှက်စွာ စားသောက်ဖြစ်ခဲ့ပါတယ်။ထမင်းပွဲပြီးတာနဲ့ အချိုပွဲအသင့်သုံးဆောင်နိုင်အောင် စီစဉ်ပေးထားတဲ့ ဘုရားဖူးတွေအပေါ်ထားတဲ့ အစ်မနနန္ဒာရဲ့ စေတနာကိုလည်း တွေ့မြင်လိုက်ရပြန်ပါတယ်။




နေ့လည်စာ ထမင်းစားပြီးနောက် ခဏအနားယူစေပြီး နေ့လည် ၃ နာရီမှာ ဗုဒ္ဓဂယာ ပတ်ဝန်းကျင်မှာရှိတဲ့ မြတ်စွာဘုရားလက်ထက်က အထင်ကရနေရာတွေကို ဆရာတော်မှ လိုက်ပို့ပေးခဲ့ပါတယ်။လိုက်ပို့ပေးတဲ့နေရာတိုင်းမှာ ဆရာတော်ဦးစန္ဒမုနိမှ သေခြာရှင်းလင်းပြောပြပေးခဲ့တာကြောင့် ဗုဒ္ဓ၀င်ကို သေသေခြာခြာ မဖတ်ဖူးတဲ့ကျွန်မ ဆရာတော်ရှင်းလင်းပြောဆိုပြမှ သိခဲ့ရတာတွေလည်းရှိသလို ၊ မြတ်စွာဘုရား သီတင်းသုံးနေထိုင်ခဲ့တဲ့နေရာတွေကို ကိုယ်တိုင် အမှန်တယ်ရောက်ရှိနေရတာကို စိတ်ထဲမှာဝမ်းသာကြည်နူးပီတိဖြစ်မှုတွေခံစားရကာ အိပ်မက်တစ်ခုလိုပဲ တွေးထင် မျက်ရည်လည်နေမိခဲ့ပါတယ်။

ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်



မြတ်စွာဘုရား စင်္ကြလျှောက်ခဲ့သောရတနာစင်္ကြာတော် ( တတိယ သတ္တာဟ)

ပထမဦးဆုံး ကျွန်မတို့ မြတ်စွာဘုရားရှင်တော်မြတ် ၊ဗောဓိဓာတ် ပွင့်လတ်ရာ ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကို ဆရာတော်မှ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။မဟာဗောဓိ စေတီတော် ၀င်ပေါက်ရောက်တော့ အစ်မနန္ဒာတို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း မဟာဗောဓိစေတီတော်ကြီးထဲမှာ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်အား သင်္ကန်းကပ်ရန်အတွက် ဘုရားဖူးအဖွဲ့ဝင်အားလုံးကို သစ္စာပန်း တစ်ခက်စီ ပေးဝေကာ သင်္ကန်းတော်ကို အယောက်တိုင်းအား ကိုင်စေပြီး ဆရာတော်မှ “နမောတဿ” ၃ ကြိမ် ရွတ်ဆိုစေပြီးနောက် ဆရာတော်ချပေးသော ဘုရားစာကို သံပြိုင်ရွတ်ဆိုပူဇော်ကာ သင်္ကန်းတော်ကပ်ရန်အတွက် မဟာဗောဓိ စေတီတော်အတွင်း သွားရောက်သင်္ကန်းကပ်ပြီး ဆုတောင်းပဌာနာများ ပြုခဲ့ကြပါတယ်။မဟာဗောဓိစေတီင်္တော် အတွင်းနဲ့ စေတီတော်ပတ်လည်မှာ အခြားနိုင်ငံမှ ဘုရားဖူးများနဲ့ အထူးစည်ကားလျှက်ရှိနေတာကြောင့် ဆုတောင်းကန်တော့ခြင်းများကို အလှည့်ကျ အမြန် ပြုလုပ်ကာ မဟာဗောဓိ စေတီတော်ကြီးကို ဘုရားစာရွတ်ဆိုရင်း အပြင်မှ ၃ ပတ်ပတ်ဖြစ်ခဲ့ကြပါတယ်။



မဟာဗောဓိစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ရွှေသင်္ကန်းကပ်လှူခဲ့ကြပါတယ်။


မြတ်စွာဘုရား ပွင့်တော်မူရာ ၊မဟာဗောဓိ ညောင်ပင်အောက်မှာလည်း ထိုင်းဘုရားဖူးများနဲ့ ပြည့်နေခဲ့တာကြောင့် ဆရာတော်မှ မြတ်စွာဘုရားစင်္ကြလျှောက်ခဲ့တဲ့ ရတနာစင်္ကြာတော် ( တတိယ သတ္တာဟ) နေရာဘက်မှာ ကျွန်မတို့ ဘုရားဖူးများကို မြတ်စွာဘုရားအကြောင်းတွေကို ဖြစ်ပျက်ခဲ့တဲ့နေရာများသို့ လက်ညှိုးညွှန်ပြပြီး သေခြာစုံလင်အောင် ရှင်းပြပေးခဲ့တာမို့ ဒီလိုနေရာမျိုးကို ရောက်ခွင့်ကြုံရတာ ကိုယ့်ကိုကိုယ် တကယ်ကံထူးသူပဲလို့ တွေးထင်ကာ ကြည်နူးပီတိဖြစ်စွာနဲ့ ၊ ကျွန်မကို ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်လိုက်ပါခွင့်ရနိုင်အောင် အထောက်အပံ့ပေးခဲ့ပါသော အစ်မနန္ဒာကို မေတ္တာပို့ကာ ဆုတောင်းပေးလိုက်မိပါတယ်။“အစ်မ နန္ဒာဝင်း ၊ကြံစည်သမျှ အောင်မြင်အဆင်ပြေစေနိုင်ကာ ဘာသာ သာသနာအကျိုးကို ဒီထက်မက ပိုမို အထောက်အပံ့ပေးဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူး ၊ပုဂ္ဂိုလ်မြတ်တစ်ယောက် ဖြစ်နိုင်ပါစေ ၊တပည့်တော် ကိုယ်တော်တိုင်လည်း အစ်မနန္ဒာဝင်းနဲ့အတူ ဘာသာ သာသနာအကျိုးကို အုပ်တစ်ချပ် ၊သဲတစ်ပွင့် ပမာဏလောက်ပဲဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်မှ အထောက်အပံ့ပြုနိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရပါလို၏။”လို့ စိတ်ကြည်နူး ၀မ်းသာမှုများနဲ့အတူ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိလိုက်ပါတယ်။


(ကျွန်မအနေနဲ့ ဆရာတော် ရှင်းပြသည်များကို အသေးစိတ်ရှင်းပြ ပြောဆိုပေးချင်ပေမယ့်လည်း ၊ ကျွန်မမှာ ဗုဒ္ဓ၀င် မကျေသလို ဥာဏ်မမှီပါသောကြောင့် ၊ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး အမှားအယွင်း တစ်စုံတစ်ရာ ရေးမိမှာကို စိုးရိမ်မိပါသဖြင့် အသေးစိတ် မရေးသားနိုင်ခြင်းကို နားလည်ပေးကြစေချင်ပါတယ်ရှင်။စာဖတ်သူများအနေနဲ့ မိမိတို့ကိုယ်တိုင် ဗုဒ္ဓဂယာဘုရားဖူးရောက်တဲ့အခါမှ မြတ်စွာဘုရား ဘယ်နေရာမှာ သီတင်းသုံးခဲ့တယ်၊ဘယ်နေရာမှာ တရားဟောခဲ့တယ်၊ဘယ်နေရာမှာ စင်္ကြလျှောက်ခဲ့တယ်၊ ဘယ်နေရာမှာ တန်ခိုးပြခဲ့တယ် ဆိုတာတွေကို ဆရာတော်များ လက်ညှိုးညွှန်ပြီး အသေးစိတ်ရှင်းပြတဲ့အခါမှာ စိတ်ကြည်နူးပီတိဖြစ်စွာနဲ့ ကိုယ်တိုင်သွားရောက်ကာ နားထောင်နိုင်ကြပါစေရယ်လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။)ဆရာတော်သာ ဒီစာဖတ်ရလို့ကတော့ “ဒကာမကြီးဝါ၀ါခိုင်မင်း ဆရာတော် ရှင်းပြတုန်းက သေခြာ မမှတ်သားထားပေဘူး၊စာဖတ်သူတွေကို သေခြာပြန်မရှင်းပြပေးနိုင်တာ တပည့် မတော်လို့ ဆရာတော် နာမည်ပျက်တော့မယ်”လို့ ပြုံးပြုံးကြီးနဲ့ မိန့်တော်မူမှာ သေခြာပါတယ်။ဆရာတော် အဲဒီလိုမိန့်ခဲ့ရင်ဖြင့် “တပည့်တော်ကို ခွင့်လွတ်တော်မူပါ အရှင်ဘုရား..တပည့်တော် ၂၀၀၀ ခုနှစ်က ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ပြီး ခေါင်းကွဲသွားဘူးလို့ မှတ်ဥာဏ်သိတ်မကောင်းတော့ပါဘူးဘုရား ” နောက်ပြီး“ ဆရာတော်ရှင်းပြတဲ့အခါ စိတ်ကြည်နူးပီတိဖြစ်မှုအပြည့်နဲ့ နားထောင်နေခဲ့တာမို့ တချို့နေရာတွေမှာ ရေးမှတ်ဖို့တောင် မေ့သွားခဲ့ရပါတယ် ဘုရား” လို့ အကြောင်းပြချက်ပေးရတော့မှာပဲ ဖြစ်ပါတော့တယ်ရှင်။။း)



မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အောက်မှာ “မိသားစုနဲ့အတူ နောက်တစ်ခေါက်လာရောက်ဖူးမျှော် ကန်တော့ခွင့်ရရပါလို၏” ဦးတိုက်ဆုတောင်းခဲ့သလိုပဲ ၊ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ မြတ်စွာဘုရားရှင်၏ အံမခန်း ဖြစ်ပျက်မှုတို့ကို အမြဲတမ်း ကြည်ညိုဘွယ်ရာနေရာမြတ်ဖြစ်သလို ၊မဟာဗောဓိ မဏ္ဍိုင်ဟုခေါ်သော ဤဗုဒ္ဓဂယာသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဘ၀များကို စတေးလာခဲ့ရသော အလောင်းတော်မြတ်အတွက် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်၍ ဗောဓိဥာဏ်ကို ရရှိလာသော မဟာအောင်မြေဖြစ်ခြင်းကြောင့် မဟာပရိနိဗ္ဗာန်သုတ်တော်၌ မြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်သူ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားဖူးသွားရောက်သင့်သော နေရာဌာနတစ်ခု အဖြစ် အထူးဖော်ပြခဲ့ပါသောကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းကို မဖြစ်မနေ တစ်ခေါက်လောက်တော့ အမှန်တကယ် ရောက်စေချင်ပါကြောင်း စိတ်ရင်းအမှန်နဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လာရောက်ဖူးမျှော် ကန်တော့ခွင့် ရနိုင်ကြပါစေလို့ ဆုတောင်းမိခဲ့ပါတယ်။အားလုံးအတွက် ကျွန်မဆုတောင်းပေးခဲ့ပေမယ့်လည်း ဗုဒ္ဓဂယာမြေမြတ်မဟာကို လာထိုက်တဲ့သူတွေမှသာ လာနိုင်ကြတာ ၊မလာထိုက်ရင် အကြောင်းအမျိုးမျိုးနဲ့ လွဲနေတတ်ကြတယ်လို့ အများပြောကြတာကို ကြားဘူးတာကြောင့် ဘာပဲဖြစ်ဖြစ် တစ်သက်မှာ တစ်ခေါက်လောက်တော့ ဗုဒ္ဓဂယာမြေမြတ်မဟာကို ရောက်အောင်သွားမယ်လို့ စိတ်ထဲ ယုံကြည်စွာနှလုံးသွင်းထားလိုက်ရင် မိမိစိတ်ဆန္ဒတန်ခိုးကြောင့် မဖြစ်မနေသွားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ထားကြစေချင်ပါတယ်ရှင်။


ကျွန်မကို ချစ်သောသူ၊ကျွန်မကို မုန်းတဲ့သူ ၊ကျွန်မကို ချီးမြောက်သောသူ ၊ကျွန်မကို ကဲ့ရဲ့ရှုံ့ချသောသူတွေ အားလုံးကို တသမတ်တည်း မှန်ကန်သော စိတ်စေတနာနဲ့ ဗုဒ္ဓဂယာမြေမြတ်မဟာကို တစ်သက်မှာ တစ်ခေါက်လောက်တော့ မဖြစ်မနေ သွားနိုင်အောင် ကြိုးစားကြဘို့ တိုက်တွန်းနှိုးဆော်ပါရစေရှင်။ဗုဒ္ဓဂယာရောက်ဖူးရင် အပါယ်တံခါးပိတ်တယ်လို့ ပြောဆိုနေကြတာ ကြားဘူးပေမယ့်လည်း ဗုဒ္ဓဂယာရောက်ပြီးမှ မကောင်းမှုတွေလုပ်နေရင်တော့ အပါယ်တံခါး ပိတ်ချင်မှပိတ်နိုင်ပါလိမ့်မယ်။ဒါပေမယ့် ကျွန်မတို့ယုံကြည်ကိုယ်ကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားအလောင်း မွေးဖွားရာ (နီပေါနိုင်ငံ ၊လုမ္ဗိနီ) ၊ဘုရားပွင့်တော်မူရာ ဗောဓိပင် (ဗုဒ္ဓဂယာ) ၊အဘိဓမ္မာတရား သုံးသပ်တော်မူရာ ရတနာဃရရွှေအိမ် (ဗုဒ္ဓဂယာ)ကဿပညီနောင် ရဟန္တာဖြစ်တော်မူရာ ဗြဟ္မယောနိ (ဗုဒ္ဓဂယာ) ၊မြတ်စွာဘုရားရှင် ၆နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်ခဲ့သော ဥရုဝေလတောတန်း (ဗုဒ္ဓဂယာ) ၊ဓမ္မစကြာင်္တရားဦးဟောကြားတော်မူရာ (မိဂဒါဝုန်)၊မြတ်စွာဘုရား ရေသပ္ပာယ်ခဲ့သောကုန်းတော် (သင်္ကဿ)၊မဟာသတိပဌာနသုတ္တန်ဟောတော်မူရာ (နယူးဒေလီ) ၊မြတ်စွာဘုရား သီတင်းသုံးနေထိုင်တော်မူရာ ဇေတ၀န်ကျောင်းတော်(သာဝတ္တိ)၊တန်ခိုးပြရာ သရက်ဖြူကုန်း (သာဝတ္တိ) ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ နဲ့ တေဇောဓာတ်လောင်ကျွမ်းရာ (ကုသိနာရုံ) စသည့်ထူးခြားမြင့်မြတ်လှစွာသော နေရာဒေသများနှင့် အခြားမမှတ်မိနိုင်အောင် များပြားလှစွာသော မြတ်ဗုဒ္ဓခြေစကြာင်္ဖြန့်ရာ အိန္ဒိယမြေသို့ အလည်တစ်ခေါက်ရောက်ရှိပြီး ဆရာတော်ဟောကြားတော်မူသော တရားတော်များကို နာယူပြီးသောအခါ စိတ်၏ငြိမ်းချမ်းမှု အပေါင်းနှင့်ပြီးပြည့်စုံခဲ့ရပါသောကြောင့် လူတစ်ယောက်၏ အကြီးဆုံးရန်သူဖြစ်သော၊ကိုယ်မှန်တယ်ထင်ရင် ပြန်တွယ်ဘို့ ခေါင်းထောင်လာတတ်သော ဒေါသစိတ်ကို အတတ်နိုင်ဆုံးပယ်သတ်နိုင်အောင် ကြိုးစားနေမိပါသည်။ပုထုဇဉ်သဘော တစ်ယောက်ကြီးပွားတာကို တစ်ယောက်မနာလိုကြတာ ဘုရားရှင်လက်ထက်မှာကတည်းကရှိခဲ့သည်ဖြစ်၍ ပုထုဇဉ်လူသားတွေထဲမှာ နေနေသ၍တော့ ချီးမွမ်းခြင်း ၊ကဲ့ရဲ့ရှုတ်ချခြင်းတွေကို ခံနိုင်ရည်ရှိအောင်ကြိုးစားနိုင်ဘို့က ကျွန်မတို့ကိုယ်တိုင်ပဲဖြစ်ကြောင်း ရှင်းရှင်းကြီး နားလည်သဘောပေါက်နိုင်ခဲ့တာမို့ မည်သူမဆို ဗုဒ္ဓဂယာမြေကိုတစ်ခေါက်ရောက်ပြီးပါက အရင်ထက်စာရင် အများကြီးပြောင်းလဲ ငြိမ်းချမ်းသွားနိုင်ကြမှာ သေခြာသောကြောင့် လောဘ၊ဒေါသ၊မောဟ တရားတွေကို ထိမ်းနိုင်ပြီး ၊ စိတ်နှလုံး အေးချမ်းကာ အပယ်တံခါးပိတ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်ရှင်။

၁၃.၂.၂၀၁၁ ဒုတိယနေ့မှာ မနက်စာစားကြပြီးတော့ ရာဇဂြိုလ်ပြည် (မဂဓတိုင်း)သို့ သွားရန်အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးထွက်လာကြတဲ့အခါ ကားသမားလေးက “Good Morning “လို့ နှုတ်ဆက်တော့ ကျွန်မကလည်း “မောနင်း ”လို့ ပြန်နှုတ်ဆက်လိုက်ပါတယ်။တချို့ကားမောင်းသူ ကုလားလေးတွေက မြန်မာလို ပြောတတ်တာကြောင့် ပြောဆိုရတာ အဆင်ပြေနိုင်ပေမယ့် ၊တချို့ကားသမားတွေကတော့ မြန်မာစကားလုံးဝ မတတ်ကြပါဘူး။ကျွန်မတို့ကားသမားလေးက သဘောကောင်းပြီး လိုအပ်တာကို ခိုင်းစရာ မလိုအောင် သိတတ်တဲ့သူတစ်ဦးမို့ သူ့ကားလေးမှာ အတူစီးကြတဲ့ ကျွန်မတို့အဖွဲ့ ၆ ဦးစလုံးက သူ့ကို ခင်ကြပါတယ်။ကျွန်မတို့အဖွဲ့ထဲမှ အန်တီတစ်ယောက်က “၀ါဝါ သူ မြန်မာစကားပြောတတ်လား မေးကြည့်ပါဦး”ဆိုတော့ ကျွန်မက မြန်မာလိုပဲ “ဟိတ်..နင်မြန်မာစကားပြောတတ်လား”လို့ မြန်မာလို တည့်တိုးမေးလိုက်တဲ့အခါ သူက တချက်လှည့်ကြည့်ပြီး ကျွန်မမေးတာကို သူသိတဲ့ပုံ မပြပါဘူး။ကျွန်မက “မတတ်လောက်ဖူး အန်တီရေ” ဆိုတော့ “ဒုက္ခပဲ..တို့ကလည်း ကုလားစကားမတတ်”ဆိုတော့ ရယ်ရပါသေးတယ်…အဲဒီတော့ အင်္ဂလိပ်စကားပြော မတောက်တခေါက် ပြောတတ်တဲ့ ကျွန်မက “Can you speak Myanmar ?” လို့ မေးလိုက်တော့ “No” တဲ့ ကုလားလေးက ပြန်ဖြေတယ်လေ။ဒီလိုမေးတာပြန်ဖြေနိုင်တော့ သူ အင်္ဂလိပ်စကားသေခြာ ပြောတတ်လိမ့်မယ် ဆိုပြီး သူ့ကို ဆက်ပြောလိုက်တယ်။ I think, you can speak a little ဆိုတော့ Nope , I cann’t speak a little. တဲ့။ သွား ပြီ….( ကိုယ့်ကိုကိုယ် သွားပြီလို့ ပြောတာပါ။)ကုလားလေးက အင်္ဂလိပ်လိုပြောတာ မြန်လိုက်သမှ ကုလားစကားပြောသလို မွှတ်နေတာပဲ။ကိုယ်က သူ့လောက် မပြောတတ်၊ ခက်ကပြီ ။အန်တီအဖွဲ့ကလည်း သူတို့သိချင်တာကို ကျွန်မကိုမေးခိုင်တတ်ပြီး ၊ကုလားလေးနဲ့စကားပြောဘို့ရာ နှုတ်ဆိတ်နေကြတာမို့ ၊သူ့ကို လမ်းတလျှောက် သိချင်တာတွေ ကိုယ်ကမေးရမှာ ဆိုတော့ အလွယ်စကားလုံးကစပြီး အင်ထရို ၀င်လိုက်ရပါတော့တယ် ။By the way, what’s your name please ? လို့ မေးတော့ ပကပ် တဲ့.. My name is PRakash တဲ့။ အဲဒီတော့မှ အန်တီတွေက “ပတ်ကားဘောလ်ပင်ကိုသာ မှတ်ထားလိုက်ကြဟေ့”ဆိုပြီး ရယ်ကြပါတော့တာပါပဲ။သူ့နာမည်ကို စခေါ်ခေါ်ချင်း ခ်ျသံထွက်ပြီး မခေါ်တတ်တော့ “ပတ်ကား” “ပတ်ကား” နဲ့ပဲ စခေါ်ဖြစ်လိုက်ကြတာပေါ့။နောက်မှ သူ့ရင်ထိုးမှာ Prakash Kuma(ပကပ်ခ်ျ ကူးမား) လို့ ရေးထားတာကို တွေ့ရပြီး“ ပကပ်ခ်ျ ”ဆိုပြီး ခ်ျသံထွက်ကာ ခေါ်တတ်သွားကြပါတယ်။


ကားသမားလေးက သဘောကောင်းပြီး ၊တည်တည်ငြိမ်ငြိမ်လေးနဲ့ အလိုက်သိတတ်တဲ့သူမို့ ကျွန်မတို့အားလုံးကလည်း ခင်မင်ကြကာ သူအိပ်ငိုက်ခါနီးရင် အန်တီတစ်ယောက်က “၀ါဝါ နင့်မောင် ပကပ်ကို စကားလေး ဘာလေး ပြောဦး ၊ သူအိပ်ငိုက်ရင် ဒုက္ခ”ဆိုပြီး ကျွန်မကို တာဝန်ပေးတတ်ပါတယ်။ကျွန်မကလည်း ည အိပ်မပျော်တော့ ကားပေါ်ရောက်ရင် အိပ်ချင်တာမို့ အန်တီတို့ အဆင်ပြေသလိုသာ သူ့ကို ပြောလိုက်ကြဦး သမီးအိပ်လိုက်ဦးမယ် ဆိုပြီး အိုက်တင်ခံလိုက်ပါသေးတယ်။အဲဒီလို အိုက်တင်ခံရင် အန်တီတွေက ပကပ်ကို “ဖြေးဖြေးမောင်း ပကပ်ရေ..ဖြေးဖြေးမောင်း” လို့ မြန်မာလိုပြောတဲ့အခါ “သြော်..ပကပ်က နားလည်ရှာတာကို မြန်မာလို ပြောရှာတယ်”.ဆိုပြီး ထရယ်မိကာ မျက်စိကျယ်သွားပါတော့တယ်။အန်တီက “သူနားလည် မလည်တော့မသိဘူး ငါတို့က မြန်မာလိုပြောလိုက်ရတာမှ အားရှိတယ်အေ..”လို့ ပြောတော့ ကျွန်မတို့ကားမှာ တ၀ါးဝါးနဲ့ ပွဲကျနေခဲ့ကြပါတယ်။


အိန္ဒိယရောက်ရင် မြန်မာဘုရားဖူးတွေက “က သုံးလုံး” ကြောက်ကြတယ် လို့ ပြောနေကြတာ ကျွန်မကြားဘူးတာမို့ ပထမ က သုံးလုံးဆိုတာ ဘာတွေလဲ ကျွန်မ သေခြာမသိခဲ့ပါဘူး။နောက်မှ က သုံလုံးဆိုတာ“ ကြက်ရယ် ၊ ကုလားရယ် ၊ကားရယ် ”ဆိုတာ သိရတာပါပဲ။အိန္ဒိယ ရောက်ရင် ဘုရားဖူးအဖွဲ့တော်တော်များများက ကြက်သားကို နေ့တိုင်းလိုလိုကျွေးကြတာမို့ ကြက်သားကို ရွံမုန်းသွားတဲ့အထိ စားကြရလို့ ကြက်ကို ကြောက်ကြပါသတဲ့ ။ နောက်တစ်ခုက ကုလား ဆိုတာ အိန္ဒိယနိုင်ငံမှာ ကုလားလူမျိုးတွေ အရမ်းကိုများပါတယ်။ဘယ်နေရာ ကြည့်ကြည့် ကုလားလူမျိုးတွေ ပုရွက်ဆိတ်အုပ်တွေလိုပဲ နေရာအနှံ့ပြည့်နေပြီး နေရာတကာမှာ စည်ကားနေသလိုပါပဲ။တချို့က အရမ်းဆင်းရဲကြပြီး နေရာတိုင်းလိုလိုမှာ လိုက်တောင်းနေကြတာတွေ ရှိပါတယ်။စရောက်တဲ့နေ့က ဘာရယ်မဟုတ် ကျွန်မ ၂ခါကြုံလိုက်ရပါတယ်။မဟာဗောဓိဘုရား ၀င်ပေါက်မှာ အစ်မနန္ဒာက “၀ါဝါ ကင်မရာကြေးဆောင်ရမယ် ၊တစ်လုံး ၂၀” ဆိုတော့ ၊မေမေကင်မရာနဲ့ ကျွန်မရဲ့ကင်မရာအတွက် ကောင်တာသွားပြီး ရူဘီ ၄၀ ဆောင်ဘို့ ၁၀၀ တန်ပေးလိုက်တဲ့အခါ ပြန်လာမှ ၆၀ အမ်းပါမယ်ဆိုပြီး ဘောင်ချာနောက်ဖက်မှာ မှတ်ချက်ရေးပေးလိုက်တော့ ကျွန်မပြန်လာတဲ့အခါ ဘောင်ချာနောက်ကျောကိုပြပြီး “60 Rupee back pls,” လို့ ပြောလိုက်တဲ့အခါမှာ ရူဘီ ၅၀ သာ ပြန်အမ်းလာတာမို့ “more 10 rupee pls” လို့ ကပ်စေးနှဲစွာနဲ့ ကျွန်မကပြန်တောင်းတော့ ကောင်တာမှ ကုလားဦးလေးကြီးက “10 for me” တဲ့လေ။အပြတ်ပဲ အဟက်။ကျွန်မလိုပဲ တခြားသူတွေလည်း ပိုက်ဆံပြန်တောင်းနေကြတာ မရတဲ့သူတွေ မရကြတော့ ပေါ်တင်လုပ်စားတဲ့ ကုလားဦးလေးကြီးကို အမှတ်တရ ဖြစ်သွားခဲ့ပါတယ်။အဲဒါများ စောစောကတည်းက ကင်မရာတစ်လုံး ၂၅ ရူဘီဆိုပြီး ကောက်လိုက်ပါလားဦးလေးကြီးရယ်..“5 for you” ပေါ့။း)

တောင်ပေါ်မှာရှိတဲ့ ဂျပန်ဘုရားကို မိုးမျှော်ကြိုးတွေစီးပြီး သွားဖူးခဲ့ကြပါတယ်။

နောက်တစ်ခေါက် ကျွန်မက မေမေနဲ့အတူတူ ဓါတ်ပုံရိုက်ချင်နေလို့ မျက်လုံးဝေ့ကြည့်တဲ့အခါ အနားမှာရှိနေတဲ့ ကုလားလေးတစ်ယောက်က“ I’ll take picture for you.” ဆိုပြီးအလိုက်တသိနဲ့ပြောလာတော့ ကျေးဇူးတင်စွာနဲ့ ရိုက်ခိုင်းလိုက်တာ ဓါတ်ပုံရိုက်ပြီးတာနဲ့..“.မန်းနီး..မန်းနီး”တဲ့… ပထမ ကုလားလိုပြောနေတယ်ထင်တာ..အဟက်…နောက်တော့ ဟုတ်ဖူး…သူက Money ပြောတော့ ဘေးနားမှာရှိနေတဲ့ တခြား ကုလားလေးတွေကပါ လက်ဖြန့်ပြီး မန်းနီး..မန်းနီး တဲ့လေ..ဖြစ်ပုံများ..လူပျိုပေါက်အရွယ်လေးတွေမို့ အဲဒီလို အသလွတ်ငွေတောင်းလိမ့်မယ်လို့ လုံးဝ ထင်မထားဘူးလေ။ကျွန်မကလည်း အ တတရယ် ၊သူစေတနာနဲ့ရိုက်ပေးတယ်ထင်လို့ မန်းနီး..မန်းနီးလို့ ပြောလာတဲ့အခါ ကြောင်သွားတာပေါ့။အဲဒါ အန်တီတစ်ယောက်က ပေးစရာမလိုဘူး လာခဲ့ဆိုပြီး ကျွန်မလက်ကို အတင်းဆွဲခေါ်သွားလို့ မပေးလိုက်ရရှာဘူးလေ။ စိတ်တော့ မကောင်းမိပါဘူး။ကိုယ်ကလည်း ရောက်စဆိုတော့ ရှိစုမဲ့စု အိန္ဒိယ ရူဘီကို သေခြာ နားမလည်သေးပဲ နှမျောနေမိသေးတာလေ။စစချင်းနေ့မှာ ကားအတူစီးတဲ့ အန်တီတွေက ဒေါ်လာ ၁၀၀ ကို ရူဘီ ၄၅၀၀ နဲ့ လဲပေးလိုက်တာကြောင့် လက်ထဲမှာ ၄၅၀၀ရူဘီ ပဲရှိနေတော့ ကပ်စေးနှဲပြီး ၊စိတ်ထဲမှာ နွေးမနေဘူးရယ်။နောက်ပြီး သူတို့က မန်းနီး မန်းနီးလို့ တောင်းကြတဲ့အခါ ဘယ်လောက်ပေးရမယ်မှန်းလဲ မသိတော့ အူလည်လည်နဲ့ မပေးခဲ့လိုက်ရတဲ့အတွက် စိတ်မကောင်းမိပါဘူး။


နောက်တစ်ခုက “ကား” ပေါ့။ အိန္ဒိယ ရောက်ပြီးမှ ဦးဥာဏ် ကားမောင်းတာကို အပြစ်ကို မမြင်မိတော့ဘူး။အရင်တုန်းကဆိုရင် ဦးဥာဏ်ကားမောင်းတာ မြန်ရင်“ မြန်မြန်မမောင်းနဲ့ ဖြေးဖြေးမောင်း” ဆိုပြီး ဘေးနားကနေ ပွစိ ပွစိ ရွတ်နေတတ်တာလေ။အိန္ဒိယကပြန်လာတော့မှ တို့နိုင်ငံသားတွေ အများကြီးတော်ပါလားလို့ ချီးမွမ်းမိတော့တာပါပဲ။အိန္ဒိယမှာ လမ်းလေးခုဆုံရင် လေးဘက်လေးတန် လမ်းမပေါ်မှာ ကားတွေရော ၊လူတွေရော ၊ဆိုင်ကယ်တွေရော၊သုံးဘီးတွေရော ၊ လန်ချားတွေရော ၊နွားတွေရော ၊ဆိတ်တွေရောပြည့်ကျပ်နေပြီး ရှုတ်ယှက်ခတ်နေကာ လေးဘက်လေးတန် ဟွန်းတွေတီးပြီး အဆင်ပြေသလို လမ်းဖြတ်ကြတော့တာပါပဲ။လူတွေကများ ၊ကားတွေကများနဲ့ တီတီတီတီဆိုပြီး ဟွန်းရှည်ဆွဲပြီး လေးဘက်လေးတန်လမ်းဆုံကြီးမှာ ပိတ်ကျပ်နေတဲ့ ကားတွေကြားထဲကနေ ရအောင်တိုးထွက်နိုင်ကြတဲ့ ကျွန်မတို့ကားဆရာနဲ့အတူ ကျန်တဲ့ အိန္ဒိယမှ ကားဆရာတွေကို မချီးမွမ်းပဲ မနေနိုင်ပါဘူး။နေရာတကာမှာ မကြာခဏ ရှုတ်ယှက်ခတ်နေတဲ့ လမ်းမကြီးတွေပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ကြတဲ့ ကားသမားတွေကို တကယ်ချီးကျုးမိပါတယ်။သူတို့ကားမောင်းတာ ကျွန်မတို့နဲ့ ပြောင်းပြန်ပါ။ကျွန်မတို့နိုင်ငံမှာ ညာကပ်မောင်းပေမယ့် သူတို့နိုင်ငံမှာ ဘယ်ကပ်မောင်းကြတယ်။တခါတလေ( များသောအားဖြင့်) ကားတွေ မျက်နှာချင်းဆိုင်ကနေ ခေါင်းချင်းဆိုင်တော့မလို အရှိန်ပြင်းပြင်းနဲ့ မီးထိုးမောင်းလာကြပြီး အနားရောက်မှ ခေါင်းရှောင်လိုက်တတ်ကြတာမို့ ကျွန်မတို့မှာ အိန္ဒိယရောက်စ ပထမရက်တွေမှာ“ ပတ်ကား” ချင်းထပ်အောင် “ပတ်ကား ပတ်ကား ” နဲ့ ခ်ျသံ မထွက်နိုင်အောင်ပဲ ထအော် သတိပေးနေရတော့တာပါပဲ။ပကပ်ခ်ျက ကားမောင်းတော်တော် ကျွမ်းကျင်ပါတယ်။ကျွန်မတို့ ထအော်နေရင် သူ စထရက်စ်များနိုင်တာမို့ နောက်တော့လည်း ၊ကျွန်မတို့ မအော်နိုင်တော့ပဲ နေသားကျသွားခဲ့ကြပါတော့တယ်။



သူများတွေ ပြောကြသလို ကျွန်မတို့အဖွဲ့က “က သုံးလုံး ”ကို မကြောက်ခဲ့ကြပါဘူး။ဘာဖြစ်လို့လဲ ဆိုရင် ကျွန်မတို့ အဖွဲ့ကို အစ်မနန္ဒာက ကြက်သား ၂ ခါလားပဲ ကျွေးပြီး ပုဇွန်ထုတ်ဟင်း၊ငါးသလောက်ပေါင်း၊၀က်သားပေါင်း၊ဂဏန်း၊ နဲ့ မမှတ်မိနိုင်တဲ့ ဟင်းမျိုး အမယ်စုံအောင် ကျွေးခဲ့တာမို့ ကျွန်မတို့ ကြက်ကို မကြောက်ခဲ့ကြပါဘူး။နောက်တစ်ခု “ကုလား”..ကုလားဆိုလို့ ကျွန်မတို့ကားကို မောင်းတဲ့ ကုလားလေးက သဘောကောင်းသလို ၊တခြားကုလားတွေ ပိုက်ဆံတောင်းဘို့ ကားနားလာကပ်ရင် သူက မောင်းထုတ်ပေးပြီး အဆင်ပြေအောင်ဖြေရှင်းပေးတတ်သူဖြစ်သလို ၊ကျွန်မမေမေက သူ့ကိုချစ်ခင်စွာနဲ့“ မိုင်ဆန်း၊မိုင်ဆန်း” ဆိုပြီးစခေါ်မိလိုက်တော့ သူက “My mom,My mom” လို့ ပြန်ခေါ်တဲ့ အခါ ကျွန်မက “If so ,you are my younger brother , Ok? ”လို့ ချက်ချင်းပြောလိုက်တာမို့ အန်တီတို့က ထရယ်ကြပါတယ်။ကားမောင်းသူ ပကပ်ခ်ျက မေမေ့ကို ဂရုတစိုက်ရှိပြီး မေမေကို မတွေ့ရင် Where’s my mom? လို့ သတိတရရှာဖွေတတ်သူ ဖြစ်ခဲ့သလို ၊အန်တီ ၄ ယောက်ကို ကျွန်မက“ Pls call her all “ Aunty ” လို့ ပြောတဲ့အခါ သူက ယဉ်ယဉ်ကျေးကျေး အန်တီ လို့ ခေါ်နေခဲ့သလို ၊ ကျွန်မနဲ့မေမေတို့ ကားပေါ်တက်ဖို့ နောက်ကျနေတဲ့အခါ ၊မိုးချုပ်နေပြီမို့ အန်တီတစ်ယောက်နဲ့အတူ ကားနားကနေ“ ၀ါဝါ ၊၀ါဝါ လာ လာ ၊ဒီကိုလာ” လို့ အန်တီက သင်ပေးတဲ့အတိုင်း ပကပ်ခ်ျက မြန်မာလို မပီကလာပြောပြီး လှမ်းခေါ်နေတော့ ကျွန်မက ကြားတာနဲ့ ချက်ချင်း “ My name is War War Khaing Min but don’t call me war war ,Pls call me sister, OK?” လို့ ကျွန်မပြောလိုက်တဲ့အခါ သူ ကျွန်မကို ၀ါဝါလို့ မခေါ်တော့ပဲ “Ok,I’ll call you, my sister” လို့ ပြန်ပြောပြီး my sister လို့ စခေါ်ခဲ့ကာ အားလုံးဟာ မိသားစုတစ်စုလို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ဖြစ်သွားကြတာမို့ ကျွန်မတို့မှာ အပြင်ကုလားရော ၊အတွင်းကုလားကိုရော မကြောက်ခဲ့ကြပါဘူး။


“ကား”ကျပြန်တော့လည်း ကျွန်မတို့ကားကို မောင်းသူ ကုလားလေးပကပ်ခ်ျက ကားကို ပေါ့ပေါ့ပါးပါး ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်သလို ၊အရှောင်အတိမ်းမှာ အိပ်စပတ်မို့ ဘာကားပဲလာလာ မကြောက်တတ်တော့ပါဘူး။ကျွန်မက ပကပ်ခ်ျကို ဆရာလုပ်ပြီး“ Prakash, You should go that way ”လို့ ညွှန်ပြပြောဆိုလိုက်ရင် သူက “ya..ya..ya..ya” ဆိုပြီး ရအောင်လမ်းရှာပြီး ဖောက်ထွက်တော့တာပါပဲ။သူကိုဘာပြောပြော “ya..ya..ya..ya..” လုပ်နေတတ်သလို လမ်းမှာ ကားတွေပိတ်ကျပ်နေရင် “many many problem” လို့ ခဏခဏ ပြောတတ်တာမို့ ပျော်တတ်တဲ့အန်တီက ဒီပကပ်ခ်ျကလည်း တစ်ချိန်လုံး ya လိုက် many many problem ပြောလိုက်နဲ့ဆိုပြီး နောက်ပါတော့တယ်။အဲဒီတော့ ကျွန်မက “don’t say many many problem” လို့ ပြောလိုက်တဲ့အခါ သူကပြုံးပြီး “ya..ya..ya.”. လုပ်ပြန်တော့ ရယ်ကြပြန်ပါတယ်။သူတို့နိုင်ငံမှာ ၇ လမ်းပြိုင်ကားတန်းကြီးမှာ ကားတွေပိတ်ကျပ်နေတဲ့အခါ ဟိုးဘက်ဘေးဆုံးကနေ ဒီဘက်ဘေးဆုံးအထိ ဟွန်းတီးပြီး ဖြတ်လည်း no problem ပါပဲ။


ပကပ်ခ်ျက သူပျင်းနေရင် ၊သို့မဟုတ် အိပ်ငိုက်ချင်ရင် ကျွန်မကို “My sister, R u slipping , Why are u ဆိုင်းလင့်, tell me something” ?( ဆိုင်းလင့် အင်္ဂလိပ်စာလုံးပေါင်း မှားမှာစိုးလို့ပါ။)း) လို့ စကားစရှာတဲ့အခါ R u sleepy ? If so lets say something .ဆိုပြီး စကားစရှာကာ ပြောရပါတော့တယ်။သူပြောတာ ကျွန်မနားလည်ရင် ဆက်ပြော ၊နားမလည်ရင် အသာငြိမ်နေလိုက်တာပေါ့ ၊ အဲလိုတော်တာ။တကယ်တော့ ကျွန်မကလည်း သူအာရုံများနေမှာစိုးတာကြောင့် စကားများများ မပြောဖြစ်ပါပဲ လိုအပ်တဲ့အခါမှသာ မေးခွန်းထုတ်ပြီး တိတ်ဆိတ်စွာ အိပ်ငိုက်နေခဲ့တာ များပါတာကြောင့် ပကပ်ခ်ျက“ You are always slipping sister. ”ဆိုပြီး ကားနားချိန်မှာ ကျွန်မငိုက်သလို ငိုက်ပြပါတော့တယ်။ဒီလိုနဲ့ ကျွန်မတို့အဖွဲ့ဟာ သဘောကောင်းတဲ့ ကားသမားလေး ပကပ်ခ်ျနဲ့ မောင်နှမ ဆွေမျိုးတွေလို ခင်မင်သွားကြပြီး ပကပ်ခ်ျကို ကျွန်မမေးခွန်းတွေ ထုတ်ခဲ့ပါတယ်။


Prakash, are you a student ? လို့မေးတော့ Ya, I’m a 2nd year university student. လို့ ပြန်ဖြေပါတယ်။ကျွန်မက Which major are you studying ? လို့ မေးတဲ့အခါမှာတော့ သူပြန်မဖြေနိုင်ပါဘူး။ကျွန်မက ကိုယ်ပဲမေးခွန်းမှားသွားလေသလားလို့ စဉ်းစားနေတုန်း အန်တီတစ်ယောက်က မေဂျာကိုသူနားမလည်တာနေမယ် subject လို့ပြောတော့ Science တဲ့။How old are you? ဆိုတော့ 22nd တဲ့။ပြီးတော့ သူက ချက်ချင်းကျွန်မကိုပြန်မေးပါတယ် You 30 ? တဲ့ ။အဲဒီအခါ အန်တီတစ်ယောက်က fourty, fourty တဲ့ ထအော်လေတော့ ၊ ကျွန်မက “ not 30 , I’ll be 40 soon ”ဆိုတော့ ဘာမှပြန်မပြောပဲ ပြုံးနေပါတယ်။အဲဒီလို ကျွန်မတို့ အဖွဲ့ဟာ ကားသမားလေးကို ကိုယ့်မောင်နှမရင်းချာတွေလို ခင်ခင်မင်မင်ပေါင်းခဲ့ပြီး ၊လမ်းမှာ တခြားကားတွေကို ကျွန်မတို့ကားက ကျော်တက်ရင် “ဝေးးးးး”ဆို ကလေးတွေလိုထအော်ကာ ကျန်ခဲ့တဲ့ကားကို လက်ဝှေ့ယမ်းပြပြီး ပျော်တတ်တဲ့ အန်တီတွေကြောင့် သူလည်းကျွန်မတို့နဲ့အတူ ပျော်နေခဲ့ရှာပါတယ်။ကျွန်မက နောက်ဆုံတန်းမှာ ထိုင်တာမို့ ရှေ့ခုံမှာထိုင်တဲ့ အန်တီတွေက ပကပ်ခ်ျ R u hungry ? လို့ မေးပြီး သူဗိုက်ဆာရင် မုန့်တွေထုတ်ကျွေးကြကာ ဆွေမျိုးတစ်ယောက်လိုပဲ ဂရုစိုက် ချစ်ခင်ခဲ့ကြတာပါ။ဒါကြောင့်မို့ ကျွန်မတို့အဖွဲ့ က သုံးလုံးကို မကြောက်ခဲ့ကြပါဘူး။


ဒီလိုနဲ့ ရာဇဂြိုလ်ပြည်ရောက်တော့ ပထမဦးဆုံး ခိုးသား ၅၀၀ လှည်းလမ်းကြောင်းကို ထင်ထင်ရှားရှားတွေ့ရပြီးနောက် အဇာတသတ် နန်းတော်ရာ ၊အဇာတသတ် နန်းဦးစေတီတော် (အဇာတသတ်သည် အရိယာဖြစ်သော ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား လုပ်ကြံသတ်ဖြတ်ပြီးနောက် အလွန်ကြော်ရွံ့တုန်လှုတ်ကာ သံဝေဂကြီးစွာရလျှက် အားကိုးရာမဲ့ဖြစ်နေသောအချိန်တွင် သမားတော်ကြီး ဇီဝက အကူအညီဖြင့် ဗုဒ္ဓ၏ အရိပ်ကို ခိုလှုံကာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်လာပြီး ဤနေရာ၌ နန်းဦးစေတီ တည်ထားကိုယ်ကွယ်ခဲ့ခြင်း ဖြစ်သည်။) မြတ်စွာဘုရား ငါးဝါတိုင်တိုင် သီတင်းသုံးနေထိုင်တော်မူခဲ့သော ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗသာရမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဝေဠုဝန်ကျောင်းတော်ရာ ၊ဗိမ္ဗသာရ ဘဏ္ဍာတိုက်၊ ဗိမ္ဗသာရ ရှင်ဘုရင်ကြီး၏ အကျဉ်းထောင် စသည့်နေရာများသို့ ရောက်ရှိခဲ့ပြီး ဤနေရာများတွင် ဖြစ်ပျက်သမျှ ဇာတ်ပေါင်းစုံကို ဆရာတော်မှ သေခြာ ရှင်းပြပေးခဲ့တဲ့အတွက် စိတ်ဝင်တစား နားထောင်ကာ မသိသေးသောသူများကိုလည်း သိစေချင်သော စေတနာဖြင့် ကျွန်မမှတ်မိသလောက်ကို ပြန်လည် မျှဝေပေးလိုစိတ်များ ဖြစ်ပေါ်ခဲ့ရပါသည်။



ရာဇဂြိုလ်မြို့သည် မဂဓတိုင်း၌ အလွန်ထင်ရှားသော မြို့တစ်မြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံ၌ အလွန်ကျော်ကြားလူသိများသော ရှေ့ဟောင်းမြို့တော် တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ရာဇဂြိုလ်မြို့မှာ အုပ်စိုးနန်းစံခဲ့သော ဘုရင်များမှာ အရိယာသူတော်စင်ကြီးဖြစ်သော ဗိမ္ဗသာရ နှင့် အဇာတသတ်တို့သည် အလွန်ထင်ရှားကျော်ကြားခဲ့ပြီး ရာဇဂြိုလ်ပြည်သည် မဂဓတိုင်း၏ နေပြည်တော်အဖြစ်တည်ရှိခဲ့ပါတယ်။အ၀တ်မ၀တ်ပဲ တရားကျင့်ကြံအားထုတ်နေကြသော နိဂဏ္ဍဂိုဏ်း ဂျိန်းဘာသာသည်လည်း မဂဓတိုင်း၌ အလွန်ထင်ရှားခဲ့ပြီး ယခုလည်း နေရာအနှံအပြားတွင်ရှိနေသည်ဆိုသည့် အဆိုကို ထောက်ခံရလောက်အောင် အရပ်အလွန်ရှည်ကာ ၀တ်လစ်စလစ်ဖြင့် လမ်းမကြီးပေါ်မှာ လမ်းလျှောက်လာသောသူတစ်ယောက်ကို ကားပေါ်မှနေ၍ ကျွန်မမြင်သောအခါ ရူးနေတာဖြစ်မယ်ဟုထင်ပြီး ဘယ်သူ့ကိုမှ မမေးဖြစ်ခဲ့ပါ။အကြောင်းတိုက်ဆိုင်စွာ ဆရာတော်မှ ရှင်းပြသောအခါမှ အဲလို အ၀တ်မပါပဲ ကျင့်ကြံအားထုတ်နေသောသူများမှာ ဂျိန်းဘာသာဝင်များ ဖြစ်ပြီး ယခုအထိ ရှိနေဆဲဖြစ်ကာ ချမ်းသာကြွယ်ဝသူများက ယုံကြည်ကိုယ်ကွယ်လျှက် ရှိနေကြကြောင်း သိရှိလိုက်ရပါတယ်။


မဂဓတိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ရာဇဂြိုလ်မြို့သည် ဗုဒ္ဓဘုရားရှင်ကြောင့် ပို၍ ပို၍ ထင်ရှား ကျော်ကြားလာခဲ့ပြီး ၊ရဟန္တာကိုယ်တော်မြတ်ကြီးများ ၊ရဟန္တာမကြီးများနှင့် လူအရိယာပုဂ္ဂိုလ် အများအပြားမွေးထုတ်ပေးခဲ့သော မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။

အရိယာသူတော်စင် ခမည်းတော်ဘုရင်ကြီး ဗိမ္ဗသာရကို သား အဇာတသတ်က သတ်ခဲ့သည်။အဇာတသတ်ကို သား ဥဒယဘဒ္ဒ က သတ်ခဲ့သည်။ ဥဒယဘဒ္ဒကို သား မဟာမုဏ္ဍိ က သတ်ခဲ့သည်။မဟာမုဏ္ဍိကို သား အနုရုဒ္ဓ က သတ်ခဲ့၏။အနုရုဒ္ဓကို သား နာဂဒါက သတ်ခဲ့ပြန်သည်။ဝဋ်ကြွေးတရားများသည် ကြောက်စရာ အလွန်ကောင်းလှပါပေသည်။နဂဒါ ကိုကား အဖေသတ်သော မင်းဆက်ဖြစ်သောကြောင့် တိုင်းသူပြည်သားများက သတ်ခဲ့ကြလေသည်။ပြီးမှ အမတ်ကြီး သုသုနာဂကို ဘုရင်အဖြစ် တင်မြောက်ခဲ့ကြလေသည်။မည်သည့်ရာဇ၀င်မှာမှ မရှိသော ဤ အဖေသတ်ရာဇ၀င်ကြောင့်လည်း ရာဇဂြိုလ်မြို့သည် ဗုဒ္ဓဘာသာ၏ သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းမှာပါ မှတ်ကျောက်တင်ရလောက်အောင် ထင်ရှားကျော်ကြားခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။ရာဇဂြိုလ်မြို့သည် ဖူးမျှော်စရာ ၊လေ့လာစရာ အကောင်းဆုံးသော မြို့ဟောင်းတစ်မြို့ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ရာဇဂြိုလ်မြို့သို့သွားရောက် ဖူးမျှော် ကုသိုလ်ပွားများသင့်သော နေရာတစ်နေရာ ဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်ရှင်။


နောက်တစ်နေ့(၁၄.၂.၂၀၁၁) မှာတော့ ဗုဒ္ဓဂယာမှ ၁၀ ရက်တာခရီးရှည်စထွက်ဖို့ ပြင်ဆင်ကြကာ ၊အိတ်တွေကို ကားအမိုးပေါ်ပြန်တင်ကြပြီး တမြို့ဝင် ၊တမြို့ထွက်နဲ့ မိုင်ပေါင်း ၂၀၀၀ ကျော် ခရီးကို စတင်ထွက်ခွါခဲ့ကြတာမို့ လမ်းမှာ အများနည်းတူ ကိုယ်မတွေ့ကြုံဘူးတဲ့ အဆင်မပြေမှုတချို့တွေ့ရပါသော်လည်း ၊မြတ်စွာဘုရားတောင်မှ ဒီလမ်းခရီးလမ်းအရှည်ကြီးကို ခြေခြင်လျှောက် ကြွလှမ်းခဲ့တဲ့ အချိန်တွေကို စဉ်းစားဆင်ခြင်ကာ ၊ကျွန်မတို့က ကားလေးပေါ်မှာ အခန့်သားထိုင်ပြီး သွားနေရတာမို့ မတွေ့ကြုံဘူးတဲ့အတွေ့အကြုံအခက်အခဲလေးတွေကို ပျော်စရာအတွေ့အကြုံသစ်အဖြစ်သတ်မှတ်ကာ စိတ်ပျော်ရွှင်စွာနဲ့ နေတတ်သွားခဲ့ပါတယ်။ ၊၁၄ရက်နေ့ညမှာတော့ မြတ်စွာဘုရား ဓမ္မစင်္ကြာ တရားဦးဟောကြားတော်မူခဲ့သော မိဂဒါဝုန်သို့ ရောက်ရှိပြီး ဓမ္မစကြာင်္ ဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခဲ့ကြသလို ၁နာရီကြာ တရားရှုမှတ်ပွားများခဲ့ကြပါတယ်ရှင်………………….။ ( ဆက်ရန် )



Ps.ချောင်းသာခရီးက ပြန်ရောက်ရောက်ချင်း အကြွေးတင်နေပြီးဆိုပြီး စိတ်ပါဝင်စားစွာနဲ့ ပို့စ်ထိုင်ရေးလိုက်တာ အလွန်ရှည်သွားပါပြီ။ဖတ်ရတာ အားမရဘူးဆိုတဲ့ ညီမလေးနှင်းဟေမာ ရဲ့ကွန်မန့်ကို အာရုံထဲထည့်ပြီး ဒီတခါ အရှည်ကြီးရေးလိုက်လို့ “ဒီတစ်ခါတော့ ဖတ်ရတာ ပျင်းသွားပြီ မမ၀ါရေ”လို့ မပြောနဲ့ဦးနော်။း) ရေးစရာတွေအများကြီး ကျန်နေပါသေးတယ်… မြတ်စွာဘုရာအလောင်း မွေးဖွားရာ နီပေါနိုင်ငံ (လုမ္ဗိနိ) ရောက်တော့ မြတ်စွာဘုရားမွေးဖွားတဲ့နေရာလေးကို ဓါတ်ပုံမရိုက်ဖို့ တားမြစ်ထားခဲ့ပေမယ့် ကျွန်မမှ ကျွန်မချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေအပေါင်းကို မျှဝေလိုပါသောကြောင့် ဓါတ်ပုံရအောင် ရိုက်ယူလာခဲ့ပါသည်။(ဘုရားက ပိတ်ပင်တားမြစ်ထားတာမဟုတ်ပဲ ၊လူတွေက ပိတ်ပင်တားမြစ်ထားခြင်းမို့ စည်းကမ်းတစ်ခုကို ချိုးဖောက်မိပေမယ့် မြတ်စွာဘုရားကတော့ ခွင့်လွတ်တော်မူမည် ထင်ပါသည်။)



ပို့စ်အရှည်ကြီး ရေးလို့ပြီးဆုံးသွားရင် အလှူခံပါဦးမည်။ဒါပေမယ့် ယခုပို့စ်မပြီးဆုံးခင် အလှူခံချင်စိတ်ပေါက်လာပါသောကြောင့် စိတ်ပါဝင်စားသူများလှူနိုင်ကြစေရန် ကြိုတင်နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်ရှင်။ မြတ်စွာဘုရား ၆နှစ်တိုင်တိုင် ဒုက္ကရစရိယာကျင့်ခဲ့သော ဥရုဝေလတောင်တန်းအနီးတွင် “ဥရုဝေလတောစခန်းရိပ်သာ”ဆိုပြီး တရားစခန်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်ပါသောကြောင့် ယခုလောလောဆယ် ပါဝင်လှူဒါန်းလိုသူ စေတနာရှင် ၊အလှူရှင်များအနေနှင့် အသေးစိတ်သိလိုပါက ဆရာတော်ဦးစန္ဒမုနိ ( ဖုန်း -919934669185)၊ ဒေါ်နန္ဒာဝင်း (ဖုန်း-01 386585) ၊ ဒေါ်ဝါ၀ါခိုင်မင်း (ဖုန်း-097 3095 851)များသို့ မေးမြန်းစုံစမ်းဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေး နှိုးဆော်ထားလိုက်ရပါတယ်ရှင်။


ဥရုဝေလတရားစခန်းဆောက်လုပ်ရာ၌ အောက်ပါအတိုင်း ပါဝင်လှူဒါန်းနိုင်ကြပါသည်။


၁.သာသနာ့မြေ ၄၀x၄၀ ပေ တစ်ကွက် ( အမေရိကန်ဒေါ်လာ ၂၀၀၀ )

၂.သာသနာ့မြေ ၂၀x၂၀ ပေတစ်ကွက် ( အမေရိကန်ဒေါ်လာ ၁၀၀၀ )

၃.လုံးချင်းကျောင်းတစ်ဆောင် ၁၀၀ x၁၀၀ ပေ ( အမေရိကန်ဒေါ်လာ ၁၀၀၀၀)

၎.အခန်းတစ်ခန်း ၁၅ပေx ၂၀ပေ (အမေရိကန်ဒေါ်လာ ၄၀၀၀ )

၅.ကျောက်စရစ်ကားတစ်စီး ( အမေရိကန်ဒေါ်လာ ၁၀၀)

၆.အုတ် ၁၀၀၀ ( အမေရိကန်ဒေါ်လာ ၁၀၀)

၇.အိပ်ကုတင်တစ်လုံး ( အမေရိကန်ဒေါ်လာ ၁၀၀)

၈.လေပန်ကာတစ်လုံး (အမေရိကန်ဒေါ်လာ ၅၀)

ဥရုဝေလတောစခန်းရိပ်သာ

(မှတ်ချက်။ ။ဆရာတော်၏ ဟောပြောချက်များနှင့် မဟာဗောဓိဓမ္မရိပ်သာမှ ထုတ်လုပ်သော ဗုဒ္ဓဂယာ ဘုရားဖူးလမ်းညွှန်စာအုပ်များကို ကိုးကား၍ ကျွန်မမှတ်မိသလောက် ပြန်လည်မျှဝေ ရေးသားထားခြင်းသာ ဖြစ်ပါသည်။ကျွန်မ၏ ရေးသားမှုများတွင် အမှားတစ်စုံတစ်ရာ ပါဝင်ခဲ့ပါက ကျွန်မ၏ ပေါ့လျော့ ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း)





ကားသမားလေး ပကပ်ခ်ျ နဲ့ ကျွန်မတို့အဖွဲ့
(တကယ်တော့ ကျွန်မက ကင်မရာချိန်ပေးပြီး ဓါတ်ပုံရိုက်ရင် ဘေးနားက၀င်မလို့ပါ။အဲဒါကို ပကပ်ခ်ျက come here, come here ဆိုပြီး နေရာဖယ်ပေးနေလို့ သူ့နားဝင်လိုက်ရတော့ အန်တီတို့က ၀ါဝါ့ကိုသူ့နားခေါ်နေတယ် ကုလားလေးဆိုပြီး ရယ်ကြပါတော့တယ်။)


PS..ကော်နက်ရှင်ကောင်းနေလို့ ပုံတွေ အများကြီး တင်ပေးနိုင်တာကို အရမ်းဝမ်းသာမိပါတယ်။အဆင်ပြေပါက ပုံများ ဆက်လက် ထည့်ပေးသွားပါမယ်ရှင်။

နှလုံစိတ်ဝမ်းပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။

ဝါ၀ါခိုင်မင်း

No comments:

Post a Comment